Sunday, July 3, 2016

သမ္မတပညာတော်သင်ဆု ဆက်ပေး၊ မပေး ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့မည် -------------------------------------------



ရန်ကုန်၊ ဇူလိုင် ၂

ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က သမ္မတပညာတော်သင်ဆု အောင်မြင် ထားပြီး နိုင်ငံတကာတက္ကသိုလ်များတွင်လည်း ဝင်ခွင့်ရရှိထားသူများက သမ္မတ ပညာတော်သင်ဆု ဆက်ပေး၊ မပေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံလိပ်မူ၍ နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ စာပေးပို့မေးမြန်း မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံတွင် ပါရဂူတန်းတက်ရောက်ရမည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“မနက်ဖြန်က တနင်္ဂနွေဖြစ်နေတော့ ရုံးပိတ်ရက်ဖြစ်တယ်။ တနင်္လာနေ့နဲ့ အင်္ဂါနေ့ တစ်နေ့နေ့ကို စာပို့မှာပါ” ဟု အဆိုပါအမျိုးသမီးက ပြောကြားသည်။

ထိုသို့စာပို့ရန် လတ်တလောစာရင်းအရ နိုင်ငံတကာတက္ကသိုလ် အသီးသီးသို့ တက်ရောက်ရန် ကျောင်းဝင်ခွင့် ရရှိထားပြီး ပညာသင်မသွားရသေးသူ ၄၀ခန့် ပါဝင်မည်ဖြစ်ပြီး ဆက်ပေး၊ မပေးနှင့် ကျောင်းတက်ရမည့် အချိန်များ နီးကပ်နေသောကြောင့် အမြန်ဆုံးစဉ်းစားပေးရန်အချက်များကို အသိပေးတင်ပြမည်ဖြစ် ကြောင်း အဆိုပါစာပို့မည့်သူများထံမှ သိရှိရသည်။

စာပို့ရာတွင် ထောက်ခံမေးမြန်းလိုသူများက လက်မှတ်ရေးထိုးမည်ဖြစ်ပြီး လတ်တလောတွင် ရန်ကုန်မြို့ရှိ ပညာသင်ဆုရထားသူများက လက်မှတ်ကောက်ခံမှု အဆင်ပြေသော်လည်း အခြားဒေသများတွင် ရှိသူများထံမှ လက်မှတ်ကောက်ခံရန် အခက်အခဲဖြစ်နေကြောင်း၊ သို့သော် ယင်းအခက်အခဲ အတွက် လူစုပြင်ဆင်နေကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုတွင် သင်ရိုးညွှန်းတမ်း အထူးပြုဖြင့် ပါရဂူတန်းတက်ရောက်ရမည့် အမျိုးသမီးတစ်ဦးက “လက်မှတ်ထိုးတာလည်း ပါချင်တာ။ ဒါပေမဲ့ နယ်တွေကကျတော့ မလွယ်လို့ ကျွန်မတို့စုထားတဲ့ ဖိုင်မှာကျတော့ လက်မှတ်ထိုးတွေမပါဘူး။ အဲဒါဆိုတော့ တိုင်ပင်တော့ တိုင်ပင်နေကြတယ်။ ပို့တာတော့ ပို့မှာ” ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ သမ္မတပညာတော်သင်ဆု အောင်မြင်ထားသည့် အပြင် နိုင်ငံတကာတက္ကသိုလ်များသို့ တက်ရောက်ရမည့်သူ ၁၀၀ကျော်က အဆင့်မြင့် ပညာဦးစီးဌာနသို့ ဧပြီလဆန်းက လျှောက်လွှာတင်ထားသော် လည်း တစ်စုံတစ်ရာဆုံးဖြတ်ချက်မကျသောကြောင့် အချို့သူများ သည် ကျောင်းဝင်ခွင့်လများ အကြိမ်ကြိမ်ပြောင်းရွှေ့ရမှုများရှိကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

သို့သော် ယင်းအခြေအနေနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူ များက အထက်သို့ တင်ပြထားရာ သမ္မတရုံးသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဆက်ပေး၊ မပေး ၎င်းတို့အဆင့်ဖြင့် မဆုံးဖြတ်နိုင်ဘဲ သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်သာ ဆုံးဖြတ်ချက်ပေးနိုင် မည်ဖြစ်ကြောင်း The Voice ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။


No comments: