Sunday, July 3, 2016

ဖားကန့်ဒေသ တရားမဝင် အစ္စလာမ်ဝတ်ပြုဆောင်မီးရှို့ခံရမှု ကျူးလွန်သူ များကို အရေးယူမည် --------------------------------------------------



မြစ်ကြီးနား၊ ဇူလိုင် ၂

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၌ အစ္စလာမ်ဘာသာဝင်များမှ တရားမဝင်ဆောက်လုပ်ထားသည့် ယာယီဝတ်ပြုဆောင်ကို ဒေသခံများက ဇူလိုင်လ ၁ ရက်နေ့ ညနေလေးနာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ ကျူးလွန်ရာ တွင် ပါဝင်ခဲ့သူများကို အရေးယူမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါအဆောက်အအုံကို လူအင်အား ၅၀၀ ခန့်က မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလောတွင်လည်း ကျုးလွန်သူများကို စုံစမ်းနေပြီ ဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး က ပြောကြားသည်။

“မနေ့က ဖျက်ဆီးခံခဲ့ရတာက တရားမဝင်ယာယီအဆောက်အအုံပါ။ မီးရှို့တဲ့သူတွေထဲမှာ ရေမဆေးသမားတွေ (ရေမဆေးကျောက်ရှာဖွေသူများ) နဲ့ ဒေသခံတွေလည်းပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေရှိပါတယ်။ ဒီဖြစ်စဉ်မှာ ဘယ်သူတွေ အဓိကလုပ်နေတယ်ဆိုတာ စုံစမ်းအရေးယူသွားမယ်” ဟု ပြည်နယ်ရဲမှူးကြီးက ဆက်လက် ပြောဆို သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ဦးဆောင်သည်ကို မသိရသေးကြောင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် တန်ဖိုး ကျပ် သိန်း ၁၃၀ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

အဆိုပါ အဆောက်အအုံကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းပေး ရန် ဒေသခံမဘသအဖွဲ့များက ဇွန်လ ၂၀ ရက်နေ့က အကြောင်းကြား စာပေးပို့ခဲ့ကြောင်း လုံးခင်းကျေးရွာ ဒေသခံများအဆိုအရ သိရသည်။


No comments: