Sunday, July 3, 2016

၂၀၁၆ ခုနှစ် နှစ်စမှ ဇွန်အထိ ခြောက်လအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှု ၆၅၀ ကျော်နှင့် မုဒိမ်းမှု ၄၅၀ ကျော် ဖြစ်ပွား

ယခုနှစ် ဇန်န၀ါရီမှ ဇွန်လအထိ ခြောက်လအတွင်း တစ်နိုင်ငံလုံးတွင် လူသတ်မှု ၆၅၀ ကျော်နှင့် မုဒိမ်းမှု ၄၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနမှ ရရှိသည့် အချက်အလက်များ အရ သိရသည်။

ယင်းတို့အနက် အစိုးရသစ် လက်ထက် မှုခင်း ကျဆင်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ရက် ၁၀၀ စီမံကိန်း စတင်သည့်လ ဖြစ်သည့် မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု ၂၅၁ မှုရှိပြီး မုဒိမ်းမှု ၁၈၆ မှု ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် နှစ်စဖြစ်သည့် ဇန်န၀ါရီ အတွင်း၌ တစ်နိုင်ငံလုံးတွင် လူသတ်မှု ၈၇ မှု၊ မုဒိမ်းမှု ၄၈ မှု ဖြစ်ပွားပြီး ဖေဖော်ဝါရီတွင် လူသတ်မှု ၈၆ မှု၊ မုဒိမ်းမှု ၆၅ မှု ဖြစ်ပွားခဲ့သည်။

ထို့ပြင် မတ်လ အတွင်း၌ လူသတ်မှု ၁၀၉ မှု၊ မုဒိမ်းမှု ၆၈ မှုနှင့် ဧပြီလ အတွင်း လူသတ်မှု ၁၂၃ မှု၊ မုဒိမ်းမှု ၉၂ မှု ဖြစ်ပွားခဲ့သည်။ မေလအတွင်း တစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု ၁၂၆ မှုအထိ ရှိပြီး မုဒိမ်းမှု ၉၂ မှု အထိ ဖြစ်ပွားကာ ဇွန်လအတွင်း၌ လူသတ်မှု ၁၂၅ မှုနှင့် မုဒိမ်းမှု ၉၄ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ယခုနှစ်စမှ ဇွန်လအတွင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များ အနက် လူသတ်မှု အချို့၊ အလောင်း စွန့်ပစ်ခဲ့သည့်အမှု အချို့ အပါအ၀င် လုယက်မှု အချို့တို့မှ ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း စုံစမ်း သိရှိရသည်။ ၂၀၁၅ ခုနှစ် အတွင်းက တစ်နိုင်ငံလုံးတွင် လူသတ်မှု ၁၂၆၄ မှုနှင့် မုဒိမ်းမှု ၆၈၂ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။

Writer: 

ဥာဏ်ဝင်းရှိန်

No comments: