ထိုင်ဝမ်ရေတပ်သည် သင်္ဘောဖျက် ဒုံးကျည်တစ်စီးကို မတော်တဆ မှားယွင်း ပစ်ခတ်ခဲ့မိကြောင်း သိရှိရသည်။
ခိုဆီအန်းရှိ ရေတပ်စခန်းတွင် အခြေစိုက်သည့် ရေယာဉ်တစ်စီးက အသံထက်မြန်သော ဒုံးကျည်တစ်စင်းကို မှားယွင်း ပစ်ခတ်ခဲ့မိကြောင်း ထိုင်ဝမ်ရေတပ် တာဝန်ရှိသူများက ဝန်ခံ အတည်ပြုခဲ့သည်။
ထိုင်ဝမ်ရေတပ်၏ ကင်းလှည့်ရေယာဉ် တစ်စီးသည် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခု ပြုလုပ်နေစဉ် Hsiung Feng III ဒုံးကျည်ကို ပစ်ခတ်မိခဲ့ခြင်းဟု ထိုင်ဝမ်၏ CNA သတင်းဌာနက ဖော်ပြခဲ့သည်။ ဒုံးကျည်သည် မည်သည့် ထိခိုက်ပျက်စီးမှုကိုမျှ မဖြစ်စေခဲ့ဘဲ ပန်ဂူကျွန်း၏ ကမ်းလွန်ရေပြင်တွင် ကျရောက်သွားခဲ့သည်။ ဒုံးကျည်၏ ဦးတည်လမ်းကြောင်းသည် တရုတ်နိုင်ငံ တည့်တည့်သို့ ဖြစ်ခဲ့သည်။
ထိုင်ဝမ်ရေတပ်က ဒုံးကျည်ကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးမျှ မရှိခဲ့ဟု အတည်ပြု ကြေညာသည်။ တရုတ်က ၎င်းတို့၏ အာဏာရ ကွန်မြူနစ်ပါတီ ထူထောင်မှု ၉၅ နှစ်ပြည့် အခမ်းအနားများ ကျင်းပနေချိန်တွင် နိုင်ငံရေးပြိုင်ဘက် ထိုင်ဝမ်က ယခုလို အမှားအယွင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်ရေတပ်က ယခုကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ ဒုံးကျည် မှားယွင်း ပစ်ခတ်မှုအတွက် တရုတ်ကို လှမ်းအကြောင်းကြား အသိပေးခဲ့သော်လည်း တစ်ဖက်တွင် ထိုင်ဝမ်၏ လုံခြုံရေး အဆင့်ကို တိုးမြှင့် စောင့်ကြည့်နေခဲ့ကြောင်းလည်း သိရသည်။ သို့သော် တရုတ်ဘက်ကမူ ယခုဖြစ်ရပ်အပေါ် ကြီးကြီးမားမား ဝေဖန်မှတ်ချက်မျိုး မပေးသေးချေ။ ထိုဒုံးကျည်သည် မိုင်ပေါင်း ၂၀၀ မျှ အကွာအဝေးထိ ခရီးပေါက်ခဲ့သော်လည်း တရုတ်နှင့် ထိုင်ဝမ် နှစ်နိုင်ငံ နယ်ခြားအဖြစ် သတ်မှတ်ထားသည့် ထိုင်ဝမ်ရေလက်ကြား အလယ်စည်းမျဉ်းထိ မရောက်ခဲ့ဟုလည်း သတင်းရရှိသည်။
Ref: CNA
No comments:
Post a Comment