Friday, July 1, 2016

တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်သည့် မူးယစ်အမှုစာရင်းတွင် ဖမ်းမိထားသည့် ICE ပမာဏ မပါဝင်ဟုဆို ------------------------------------------



ထားဝယ်၊ ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထုတ်ပြန်သည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စာရင်းတွင် ထားဝယ်တွင် ဖမ်းမိသည့် ICE ပမာဏ ပါဝင်ခြင်း မရှိပေ။

ဇွန်လ ၂၇ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာတွင် တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ နယ်မြေအတွင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၂၆ ရက်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စာရင်းကို ထုတ်ပြန်ခဲ့သည်။

ယင်းစာရင်းတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ညက ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ မြို့ပတ်လမ်းရှိ နေအိမ်တွင် WY ဆေးပြား ၁၉၀ ပြားနှင့်အတူ ဖမ်းမိသည့် ICE ပမာဏ ၃၇၃.၅ ဂရမ်ခန့် ပါဝင်လာခြင်း မရှိပေ။

တိုင်းအစိုးရအဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ထုတ်ပြန်သည့် မူးယစ်ဆေးဝါး မှုခင်းစာရင်းသည် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တင်ပြထားသည့် မှုခင်းစာရင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ မူးယစ်မှုခင်းစာရင်းတွင် ICE ပမာဏ မပါဝင်ခြင်းကြောင့် အမှုဖျောက်ထားသည်ဟု စွပ်စွဲသူများရှိ၍ သက်ဆိုင်ရာထံ မေးမြန်းရာ “အမှုကို ဖျောက်လို့မရပါဘူး။ Typing Error (စာစီစာရိုက်ရာတွင် ကျန်ခဲ့ခြင်း) ဖြစ်ပါလိမ့်မယ်။ အဲဒီ ICE တွေကို သက်သေခံပစ္စည်း အဖြစ် ထားဝယ်ရဲစခန်းမှာ သိမ်းထားပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါအမှုကို တရားရုံးတွင် စစ်ဆေးဆဲဖြစ်ပြီး အမှုမပြီးပြတ်သေးကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးအမှု ၂၂၃ မှုမှ ကျပ်သိန်းပေါင်း ရှစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

(Dawei Watch)


No comments: