Thursday, July 28, 2016
မွန်ပြည်နယ် မုဒုံမြို့နယ် ကလော့သော့ကျေးရွာတွင် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးပါ (ခ) ဦးထွန်းငြိမ်းနှင့် မွန်ပြည်သစ် ပါတီဝင်ဟုဆိုသူ ရွာသား ဦးသောင်းဟန်တို့ စကားများ ရန်ဖြစ်ပြီး နှစ်ဖက်အပြန်အလှန် တရားစွဲဆိုခဲ့ရာ ဇူလိုင်လ ၂၂ရက်နေ့တွင် ၎င်းတို့ကို အလုပ်နှင့် ထောင်ဒဏ် အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။
အဆိုပါအမှုမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က မွန်ပြည်သစ် ပါတီဝင်ဟုဆိုသော ဦးသောင်းဟန်၏ အိမ်အရှေ့ရှိ ဈေးတန်းဆိုင်များမှ ဈေးသည်များက အမှိက်မီးရှို့ရာမှ ၎င်း၏ခြံဝင်း ဝါးရုံကို မီးလောင်သည်နှင့် ပတ်သက်၍ စည်ပင်သာယာ၌ လေလံဆွဲကာ စစ်မှုထမ်းဟောင်း ရံပုံငွေအတွက် ဈေးကောက်အဖြစ် လုပ်ကိုင် နေသော ပြည်သူ့စစ်ခေါင်းဆောင် ဦးပါနှင့် စကားများရန်ဖြစ်ရာမှ တရားစွဲဆိုခဲ့ရာ ဖြစ်ပွားပြီး တစ်နှစ်ခွဲအကြာတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဦးသောင်းဟန်က ဦးပါကို ညစ်ညမ်းစွာ ဆဲဆိုခဲ့ပြီး ဦးပါက လက်သီးနှင့် ထိုးသည့်အပြင် သေနတ်ဒင်ဖြင့်လည်း ထုခဲ့သဖြင့် ဦးသောင်းဟန် ပေါင်ရိုးကျိုးခဲ့ကြောင်း နှစ်ဖက်သက်သေများ၏ ထွက်ဆိုချက် များအရ သိရသည်။
ဝဲဘက်ပေါင်ရိုး ကျိုးခဲ့သူက ပြည်သူ့စစ်ခေါင်းဆောင်ကို တိုင်တန်းခဲ့ပြီး ကျေးရွာပြည်သူ့စစ် ခေါင်းဆောင် ကလည်း ညစ်ညမ်းစွာ ဆဲဆိုခဲ့သည်ဟု ဆိုကာ တိုင်တန်းခဲ့သဖြင့် မုဒုံမြို့နယ်တရားရုံးတွင် အပြန်အလှန် တရား စွဲဆိုခဲ့ကြောင်း၊ ပေါင်ရိုး ကျိုးသူမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၄(ခ) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိသဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်လကျခံရန်နှင့် သေနတ်ဒင်ဖြင့် ထုသူမှာ ပြစ်မှုဆိုင်ရာပုဒ်မ ၃၂၅ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား တွေ့ရှိသဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ကျခံရန် မုဒုံမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
The Voice
No comments:
Post a Comment