Saturday, July 2, 2016

စာသင်ခန်းဆိုတာ ငရဲခန်းများမဟုတ်

ခေါင်းလောင်းသံ ××× တညံညံကြားလို့ ××× ရွာ ကျောင်းကို ××× ပြေးမြင်ကြည့်ကာ ××× သွေးလန့်နေတယ် သူငယ်ချင်းရေ ××× တို့များ ဆရာမကြီးက ××× မဟာကြိမ်လုံးကိုဆွဲကာ ××× လွှဲကာရိုက်ကာ ××× သတ်တော့မယ့် အလားထင်ရကာနေ ××× ကျောင်းပြေးရမလား ××× ကျောင်းထွက်ရမလား သူငယ်ချင်းရေ ×××
 အင်း...နိုင်ငံတော်က ကျောင်းနေပျော်၍ ပညာတော်ရန် ကျောင်းနေအရွယ်ကလေးအား လုံး ကျောင်းသို့ရောက်လာရန် အခမဲ့ပညာရေးစနစ် ဖော်ဆောင် နေချိန် အချို့အချို့သော ပညာ ရေးဝန်ထမ်းများကြောင့် ကျောင်း သားများ ပညာရေးနှင့်ဝေးသွား မှာစိုးရိမ်ရပါ၏။ ယခုလည်း ကြား ရမြင်ရ၊ နားဝရင်ဝ မသက်မသာ ရှိလှပါ၏။ ကလေးငယ်များအား နူးညံ့သိမ်မွေ့သော ပညာနှင့် ယဉ်ကျေးမှု အမွေအနှစ်များပေးရမည့်အစား ခက်ထန်ကြမ်းကြုတ် ရက်စက်သော အပြုမူများကြောင့် အနာဂတ်အရေး ရင်မအေးဖြစ်နေရပါ၏။
ယခုလည်း ပဲခူးတိုင်းဒေသ ကြီး ဖြူးမြို့နယ် ငါးခေါင်းအင်း ကျေးရွာ အထကကျောင်း(ခွဲ)၌ ကျောင်းအုပ်ဆရာမကြီးက (၇၊ ဂ၊ ၉) တန်းကျောင်းသား၊ ကျောင်းသူများကို အမှိုက်မကောက်၍ စာသင်ချိန် ကျောင်းခန်းအတွင်း လိုက်လံရိုက်နှက်ခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူများခမျာ ထွက်ပြေးခဲ့ရသည်ဟုဆို၏။ ညှပ်ကြီးမျက်စိထဲမှာတော့ ငယ်ငယ်တုန်းက ရုပ်ရှင်ထဲမှာရွာထဲသူပုန်ဝင်စီးတဲ့အခန်းများ မြင်ယောင်လာ၏။ မိဘများက ကျောင်းသို့ ပြန်ပို့သော်လည်း ကြောက်လန့်နေကြသော ကျောင်းသား၊ ကျောင်းသူများက ထိုကျောင်းအုပ် ဆရာမကြီး၏ ကျောင်းတွင်မနေချင်တော့ ကြောင်း ကျောင်းပြောင်း၊ ကျောင်းထွက်လိုကြောင်း ဆန္ဒရှိနေကြ သည်ဟု ကြားသိရ၏။
ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘများ ရဲစခန်းမှရဲဆေး စာဖြင့် ဖြူးဆေးရုံသို့ သွားရောက် ပြသကာ မြို့နယ်ပညာရေးမှူးထံ တိုင်ကြားခဲ့ပြီး မြို့နယ်အုပ်ချုပ် ရေးမှူးထံ အကြောင်းကြားခဲ့သည်ဟုဆို၏။ လက်စလက်န ပြင်းသော ကျောင်းအုပ် ဆရာမကြီးကြောင့် တစ်ချိန်တုန်းက ကျောင်းသားတစ်ဦးနားမှပင် သွေးများကျခဲ့ရသည်ဟုဆို၏။ ဤကျောင်းကို အားကိုးနေရသော ကျေးရွာခုနစ်ရွာမှ ကျောင်းသား၊ ကျောင်းသူများ ခုနစ်မိုင်ဝေးသော ဖြူးမြို့သို့ ခက်ခဲစွာ ကျောင်းသွားတက်စေမည်လား၊ ကျောင်းအုပ်ဆရာမကြီးအား ပြောင်းရွှေ့ပေးမည်လား တစ်ခုခုတော့ ဆုံးဖြတ်ဖို့လိုပါ၏။ တစ်နည်းအားဖြင့် ခုတင်တစ်ရာဆံ့ ဆေးရုံဆောက်ပေးမလား၊ ကျောင်းအုပ် ဆရာမကြီးအားပြောင်းပေးမလား ကျောင်းသားများ ကိုယ်စားတောင်းဆိုချင် ပါ၏။
ဤအတိုင်းသာ ဆက်သွား နေမည်ဆိုပါက ကျောင်းသားနှင့် ပညာရေး တစ်နေ့တခြား ဝေး သွားလိမ့်မည်ဖြစ်ပါ၏။ ပညာရေး ဌာနနှင့် သားသတ်ဌာန မှားယွင်း နေရာချမိသည်ထင်ပါ၏။ ပြော လက်စနှင့် ပြောရတော့မည်ဖြစ် ၏။ ဇွန်လ ၂၃ ရက်နေ့ကလည်း မင်းဘူးမြို့နယ် သနပ်ပင်စုကျေး ရွာ တွဲဖက်အလယ်တန်းကျောင်း တွင် ဆူညံနေသော ကျောင်းသား များကို ဆရာမတစ်ဦးက သွား ရောက်တားမြစ်ခိုင်သည့် ကျောင်းလုပ်သားက ကျောင်းသူ၊ ကျောင်းသား ၂၆ ဦးအား ထန်းလက်ဖြင့် အချက်ပေါင်းများစွာ ရိုက်ခဲ့သည်ဟုဆို၏။ ဒီမိုကရေစီ ပညာရေးစနစ်မှာ ကြုံရာလူအပြစ်ပေးစနစ်နှင့် မှားနေပုံရ၏။ အဆိုပါကိစ္စအတွက် ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးက စကုမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ဆို၏။ ဖြစ်နိုင်လျှင် ကျောင်းများ၌ ရဲစခန်းနှင့်ဆေးခန်းများ တွဲဖွင့်ထားလျှင် ပိုမိုအဆင်ပြေထိရောက်မှု ရှိလိမ့်မည်ဟု အကြံပေးလိုပါ၏။
အင်း...ပြောလက်စနှင့် ပြောနေရပေမယ့် ဒီအကြောင်းပြောရတာ ရင်ဘတ်ပေါ် မီးမွှေးသလို ခံစားရခက်လှပါ၏။ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာတွင်လည်း မိုးကြိုး ဆာလဖျူရစ်အက်စစ် စက်ရုံမှ အနံ့ဆိုးများကြောင့် ကျောင်းသူ၊ ကျောင်းသား ၃၀၀ ကျော်မှာ ကျောင်းမတက်နိုင်ဘဲ ခွင့်တိုင်ထားရသည်ဟု သတင်းစာ တစ်စောင်တွင်  ဖတ်လိုက်ရ ၏။ ခွင့်တိုင်သူ ၉၈ ရာခိုင်နှုန်းရှိ၍ ကျောင်းပိတ်ရသည်ဟုဆို၏။ ထိုဆာလဖျူရစ်အက်စစ်စက်ရုံ သည် ကံကုန်းကျေးရွာနှင့် ကိုက် နှစ်ရာဝေး၍ စာသင်ကျောင်းနှင့် ကိုက် ငါးဆယ်သာ ဝေးသဖြင့် ကျောင်းသူ၊ ကျောင်းသားများ အတွက် လွန်စွာအန္တရာယ်ကြီးပါ ၏။ ကာလကြာရှည် အနံ့ဆိုးများ ရှူရှိုက်နေရပါက အနာဂတ်ကို အဆိပ်ခတ်သလို ဖြစ်သွားနိုင်ပါ ၏။ ဤကျောင်းမျိုး၌ ရောဂါရှာ ဖွေရေး ဓာတ်ခွဲခန်းများ ထားသင့် ပါ၏။ အင်း...ပြောလက်စနှင့် ပြောရဦးမည်ဖြစ်၏။ ငါးခုံးမတစ် ကောင်ကြောင့် ပညာရေးလောကကြီး အနံ့အသက် ထိခိုက်ရမှာ လွန်စွာမှ ရင်နာလှ၏။ ပညာဆိုတာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းအတွက် အဓိက ဦးဆောင်သူဖြစ်၏။ ယခု အာစရိယ ဆရာ၊ ဆရာမများနှင့် လားလားမျှ မသက်ဆိုင်သော မှုခင်းများကြားလာရ၏။ မကြာမီက ဆရာမတစ်ဦးက ငွေပေးပြီး ခင်ပွန်းဖြစ်သူကို သတ်ခိုင်းသည်ဟု ကြားသိရ၏။ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း ကျောင်းအုပ်ဆရာမကြီး တစ်ဦးက လူသတ်ကာရွှေများလုယက်ခဲ့သည်ဟုဆို၏။ ကျောင်းသားဟူသည် မိဘများထက် ဆရာ၊ ဆရာမများကို ပိုမိုအထင်ကြီးအားကျတတ်၏။ ကလေးများသည် မိဘဆရာများ၏ ပြောဆို ဆုံးမမှုထက် အမူအကျင့်များကို ပိုမိုအားကျ တုပတတ်သည်ဟု ပညာရှင်တစ်ဦး ပြောခဲ့ဖူး၏။ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးရန်အောင် က မကြာသေးမီက ပြောခဲ့၏။ အကြောက်တရားတွေနဲ့ ကျောင်း စာသင်ခန်းထဲ ရောက်လာစရာ မလိုဘူး။ ပျော်ရွှင်စွာနဲ့လာဖို့ ဝိုင်းဝန်း ဆောင်ရွက်ဖို့လိုတယ်။ ကလေးတွေကို အားကိုးတယ်ဟု ပြောခဲ့ပါ၏။ ပျိုးပင်ငယ်လေးများ မြေဆီကောင်းနှင့် ရေကောင်းလေ သန့် ပိုလိုအပ်၏။
အင်း...ခေတ်အဆက်ဆက် ဒုစရိုက်များ၊ မှုခင်းများ လက် တံရှည်ခဲ့၊ အားကောင်းမောင်း သန်ဖြစ်ခဲ့၍လားမသိ။ ဒုစရိုက်နှင့် မှုခင်းများ မျိုးပွားနှုန်းက ကြောက် ခမန်းလိလိ ဖြစ်နေ၏။ မှုခင်းအထွက်တိုး စီမံကိန်းများဖြစ်သော အရက်ဆိုင်များကလည်း တစ်နိုင်ငံလုံးကို ဖြန့်ကြက်နေရာယူထားပြီးဖြစ်၏။ ထို့ကြောင့်မို့ပင် သတင်းစာတစ်စောင်လုံး ဒုစရိုက်ဖုံးနေ၏။ လူသတ်မှုများ တစ်နေ့တခြား ပွားများလာပုံကလည်း ပျင်းလျှင် လူသတ်တမ်း ကစားနေကြသလား ထင်မှတ်ရ၏။ ညှပ် ကြီးတို့အိမ်နားက အပျိုကြီး ညီအစ်မများဆိုလျှင် သတင်းဂျာနယ်များဖတ်ကြ၊ ကြောက်ကြလန့်ကြ၊ တံခါးတွေပိတ်ကြ၊ သော့တွေခတ်ကြ တဖြည်းဖြည်း စိတ်ရောဂါရှင်များ ဖြစ်လာကြ၏။ ပြည်သူတို့၏ဘဝများ လုံခြုံမှု မရှိတာ သေချာနေပြီဖြစ်၏။ ဘာပဲဖြစ်ဖြစ် ပြောင်းလဲလာသော ခေတ်စနစ်အရ ပြည်သူ့ရဲများ အားကိုးရစပြုလာ၏။ သို့ပေမဲ့လည်း သူတို့ကိုယ်တိုင်လည်း  လုံခြုံမှုမရှိလှကြောင်း ကြားသိရ၏။ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူရဲစခန်းရှိ ဝန်ထမ်းလိုင်းခန်းမှ ရွှေထည်မျိုးစုံနှင့် ငွေသားစုစုပေါင်း သိန်းရှစ်ဆယ်ဖိုးခန့် ဖောက်ထွင်းခံရ၍ ဇွန်လ ၂၅ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ အမှုဖွင့်ထားကြောင်း ဂျာနယ်တစ်စောင်တွင်ဖတ်လိုက်ရ၏။ ဖတ်ရတာ မျက်လုံးကို အားနာလှ၏။
အင်း...အစိုးရသစ်၏ ပထမ ဆုံးရက် ၁၀၀ ခရီး မကြာမီပြီးဆုံး တော့မည်ဖြစ်၏။ ပထမဆုံး ဈေး ဦးပေါက်အနေဖြင့် မကွေးတိုင်း တွင် နိုင်ငံ့ဘဏ္ဍာငွေ ကျပ်သိန်း ပေါင်း ၁၅,၀၀၀ သက်သာအောင် ဆောင်ရွက်ပြနိုင်ခဲ့ပြီဖြစ်၏။ ယခင် မကွေးတိုင်းအတွင်း ကတ္တရာလေလံအောင်ဈေးများ တစ်တန်လျှင် ၅၂၀,၀၀၀ ဖြစ်ပြီး ယခုနှစ်တွင် ၃၈၃,၀၀၀ သာဖြစ်၍ ယခုနှစ်တွင် ဝယ်ယူအသုံးပြုမည့်တန်ချိန် ၁၂,၀၀၀ အတွက်ဤမျှ သက်သာသွားခြင်းဖြစ်၏။ ခေတ်အဆက်ဆက် လက်ရဲဇက်ရဲမတွေးရဲစရာတွေ တသီတသန်း ကြီး မြင်ယောင်လာ၏။
 အင်း...အစိုးရသစ်လက် ထက်တွင် နိုင်ငံတော်ကြီး နေရာ မှန်ပြန်ရောက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပြည်သူများအားလုံး လိုက်ပါ ပြောင်းလဲဖို့ လိုပါ၏။ ရှေးစာဆို ဂန္ထဝင်ဆြာညှပ်၏ စကားလေး တစ်ခွန်း လက်ဆောင်ပေးလိုပါ ၏။ ပဲ့နင်းရဲ့အမိန့်ကို မနာခံတဲ့ လှေဟာ ကျောက်ဆောင်ရဲ့ စီရင် မှုကို နာခံရလိမ့်မည်တဲ့...။    ။

No comments: