တစ်ရက်လုပ်အားခ (၃၆၀၀)ကို ပြင်ဆင်ပေးဖို့ အစီအစဉ်မရှိဘူးလို့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်ပါတယ်။ ဇူလိုင်လ
(၂၆)ရက်ကကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရှမ်းပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးဇော်မင်းလတ် ရဲ့မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ
အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဦးဇော်မင်းလတ်က ၂၀၁၃ခုနှစ်၊
အနည်းဆုံးအခကြေးငွေဥပဒေအရ ဖွဲ့စည်းခဲ့တဲ့ အနည်းဆုံးအခကြေးငွေ
သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့မှာ
ထုတ်ပြန်ခဲ့တဲ့ နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ
တစ်နိုင်ငံလုံးတစ်ပြေးညီ အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေ
တစ်နာရီငွေကျပ်(၄၅၀)နှုန်းနဲ့တစ်ရက်အလုပ်ချိန် (၈)နာရီအတွက် ငွေကျပ်
(၃၆၀၀)သတ်မှတ်ချက်နှုန်းထားကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် အစီအစဉ်
ရှိ၊မရှိမေးမြန်းခဲ့တာဖြစ်ပါတယ်။ အနည်းဆုံးအခကြေးငွေဆိုင်ရာ
အမျိုးသားကော်မတီက ထုတ်ပြန်ခဲ့တဲ့ အနည်းဆုံအခကြေးငွေနှုန်း ထားတွေဟာ
ပထမဆုံးအကြိမ် ထုတ်ပြန်သတ်မှတ်ထားတာဖြစ်ပြီး သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊
တိုင်းဒေသကြီးနဲ့ ပြည်နယ်အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးကော်မတီတွေနဲ့
ဆွေးနွေးညှိနှိုင်းဖို့ လိုအပ် တာကြောင့် လတ်တလောမှာတော့
ပြင်ဆင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူးလို့ ပြည်ထောင်စုဝန်ကြီး
ဦးသိန်းဆွေက ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက
အနည်းဆုံး အခကြေးငွေနှုန်းထားတစ်ခုသတ်မှတ်ရာမှာ အဓိကအားဖြင့်
တစ်ဖက်ကအလုပ်သမားတွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေး နိုင်တဲ့
ငွေကြေးပမာဏဖြစ်ဖို့လိုအပ်ပြီး အခြားတစ်ဖက်မှာလည်း အလုပ်ရှင်တွေ
အမှန်တကယ်ပေးနိုင်မယ့် ငွေကြေးပမာဏဖြစ်ဖို့လိုအပ်တာကြောင့်
ဘက်စုံဒေါင့်စုံကလေ့လာစောင့်ကြည့်ဖို့လိုအပ်ကြောင်း ပြန်လည်ရှင်းလင်း
ပြောကြားခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment