Wednesday, July 27, 2016

မအူပင်တက္ကသိုလ်အနီး ဖွင့်လှစ်ထားသည့် အလုံပိတ်ခန်းများနှင့် စားသောက်ဆိုင်များအား မြို့နယ်ပူးပေါင်း အဖွဲ့မှ ရှောင်တခင် ၀င်ရောက်စစ်ဆေး

မအူပင်မြို့တွင် အလုံပိတ်အခန်းများ ထည့်သွင်းတည်ဆောက် ရောင်းချနေသော စားသောက်ဆိုင်များအား ဝင်ရောက်စစ်ဆေးနေစဉ်- ဓာတ်ပုံ အောင်ကျော်စိုး
မအူပင်မြို့တွင် တက္ကသိုလ်များအနီး အလုံပိတ်ခန်းများ တည်ဆောက်၍ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များအား မြို့နယ် ပူးပေါင်းအဖွဲ့မှ ဇူလိုင် ၂၆ရက် နံနက်ပိုင်းက ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ရာ အလုံပိတ်ခန်းများ ထည့်သွင်း တည်ဆောက်ထားသည့် ဆိုင်ပေါင်း လေးဆိုင်အထိ တွေ့ရှိရကြောင်း သတင်းရရှိသည်။

မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်၍ မအူပင် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့တွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ရှောင်တခင် ၀င်ရောက် စစ်ဆေးရာတွင် မြို့အပြင် တက္ကသိုလ်များ အနီး၌ ဖွင့်လှစ်ထားသည့် အအေးဆိုင်နှင့် လက်ဖက်ရည်ဆိုင် လေးဆိုင်မှာ အလုံပိတ်ခန်းများဖြင့် ဖွင့်လှစ်ကာ လူငယ်စုံတွဲများ လာရောက်နိုင်ရန် စီစဉ်ထားရှိပေးမှုများကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းတွေ့ရှိမှုကြောင့် ဆိုင်ပိုင်ရှင်များအား စည်ပင်သာယာရေး အဖွဲ့ရုံးသို့ ခေါ်ယူကာ အလုံပိတ် အခန်းများအား တစ်ပတ်အတွင်း ဖျက်သိမ်းပေးရန် လိုက်နာခြင်းမရှိပါ စည်ပင်ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ကို သိရှိကြောင်း ခံဝန်ကတိများ ရေးထိုးစေခဲ့ကြောင်း မအူပင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သတင်းရရှိသည်။

“စားသောက်ဆိုင်တွေကို စည်းကမ်းနဲ့ ညီအောင်လိုက် စစ်ဆေးတာပါ၊ တက္ကသိုလ်တွေလည်းရှိတော့ လူငယ်လူရွယ်လေးတွေ စည်းကမ်းတကျလည်း ဖြစ်အောင် ကျောင်းနားက အလုံပိတ်ခန်းလေးတွေ လိုက်ကာကာထားတဲ့ အခန်းမျိုးတွေ မရှိအောင်ပေါ့။ ဒါမျိုးတွေ ရှိနေတဲ့အတွက်က ကလေးတွေအတွက်က မကောင်းဘူးပေါ့ဗျာ။ လိုက်စစ်တော့ လိုက်ကာလေးတွေ အခန်းလေးတွေနဲ့ လုပ်ထားတဲ့ ဆိုင်လေးဆိုင်လောက် တွေ့ရလို့ ခေါ်သတိပေးလိုက်တယ်။ ဒီနေ့ကနေ ခုနစ်ရက် အတွင်းမှာ ဒီလိုအကာအရံတွေ လုံးဝဖျက်သိမ်းဖို့ လုပ်ခိုင်းတယ်။ စည်းကမ်းနဲ့အညီ ဈေးရောင်းချခွင့်တော့ ပြုတယ်။ သြဂုတ် ၁ ရက် အထိမှ အခန်းတွေ ရှိနေဦးမယ်ဆိုရင် ဆိုင်ပိတ်ပြီးတော့ ဥပဒေအရ အရေးယူမှုတွေ လုပ်မယ်လို့ သတိပေးခဲ့ပါတယ်” ဟု မအူပင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ မြို့နယ်အဆင့် အရာရှိတစ်ဦးက ဆိုသည်။

တက္ကသိုလ်များ အနီးတွင် အလုံပိတ် စားသောက်ဆိုင်များ ဖွင့်လှစ်ထားရှိမှုနှင့် ပတ်သက်၍ မအူပင်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုမင်းကျော်က “အလုံပိတ်ထားတဲ့ ဆိုင်တွေရှိတာ မကောင်းဘူးခင်ဗျ။ ကျောင်းသားကျောင်းသူတွေမှာ မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တယ်လေ။ အခန်းတွေက လုံနေတော့ မုဒိမ်းမှုဆိုတာတွေ အခန်းတွေထဲမှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုတွေလည်း ဖြစ်လာနိုင်တယ်လေ။ အခုလို အရေးယူ ဆောင်ရွက်မှုတွေလုပ်တာ ကြိုဆိုပါတယ်” ဟု ဆိုသည်။
Writer: 
မင်းသူဝင်းထွဋ်

No comments: