ကူးစက်မြန် ပြင်းထန် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေမှုများကြောင့် ပြည်မြို့တွင် မုန့်ဟင်းခါးဆိုင်များနှင့် အသုပ်ဆိုင်များပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ညွှန်ကြားချက်ကို ဇူလိုင် ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် ခရိုင်အဆင့် ကျန်းမာရေး တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့စည်းများ၏ ဆုံးဖြတ်ချက်အရထုတ် ပြန်ခဲ့ခြင်းဖြစ်ပြီး ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားသူများ ထပ်မံတိုးလာနေခြင်းအတွက် ကူးစက်နိုင်သည့် ၀မ်းနူးစေသည့် အစားအသောက် ရောင်းချသည့်ဆိုင်များအား ယာယီပိတ်ထားရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ခရိုင်ကျန်းမာရေး၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အရ သိရသည်။
“၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားသူတွေတိုးလာတယ်။ န၀င်း၊ ဖိုးခေါင်၊ အနောက်လက်ခုပ်ပင်၊ မင်္ဂလာဦး၊ စက်မှုကွက်သစ်တွေမှာ ထပ်ဖြစ်နေတယ်။ ပေါင်ခေါင်းမှော်ဇာတို့ကလည်း လာရောက် ကုသနေတယ်လို့ ကျွန်မတို့သိရတယ်။ ကျွန်မတို့သိရတဲအချိန်ထိကို မူလ လူနာထက် ရှစ်ဦးတိုးလာတယ်။ ဒါကြောင့် ကျန်းမာရေးအဖွဲ့တွေနဲ့အပြင် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တွေကလည်း ဒါကို ကြိုတင်ကာကွယ် ကုသပေးဖို့ နှိုးဆော်မှုတွေ လုပ်နေပါတယ်” ဟု ပြည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြောကြားသည်။
အဆိုပါ ၀မ်းပျက်ဝမ်းလျှော အဖြစ်များနေသည့် ပြည်မြို့ န၀င်းနယ်မြေ အတွင်းရှိ အိမ်ထောင်စု(၁၃) စု၊ မိသားစုဝင်(၆၀) ကျော်အား ယင်းရပ်ကွက်ရှိ ၀ါဆိုဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင် ဆေးကုသမှုများ ပေးနေကာ န၀င်းနယ်မြေ၊ ရွာဘဲနယ်မြေများတွင် ယာယီဆေးကုသမှုပေးနိုင်ရန် ဆေးခန်း သုံးခု ဖွင့်လှစ်ကုသမှုပေးနေကြောင်း န၀င်းနယ်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“န၀င်း ၀ါဆိုကျောင်းထဲက မိသားစုတွေကိုတော့ ဒီအတိုင်း ဆက်လက်ထားရှိပြီး ကုသမှုတွေ ပေးနေပါတယ်။ သူတို့ရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်ပါတယ်။ ဒီနေ့(ဇူလိုင် ၂၄) ရက်မှာ သုံးဦး ထပ်တိုးတယ်လို့ ကျွန်တော်တို့စာရင်းရပါတယ်” ဟု ကျန်းမာရေးအဖွဲ့များနှင့် ဆေးကုသခြင်း စာရင်းများ လိုက်လံပြုစုနေသည့် ပြည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောကြားသည်။
ထုတ်ပြန်ညွှန်ကြားချက်တွင် ပြည်မြို့နယ်အတွင်း ၀မ်းပျက်ဝမ်းလျှော (ကူးစက်မြန်) ရောဂါ ဖြစ်ပွားလျက်ရှိကာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားသည့် နေရာများတွင် ဆေးခန်းများ ဖွင့်လှစ်ကုသခြင်း၊ ကလိုရင်း ဆေးခတ်ခြင်း၊ ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ယင်လုံအိမ်သာများနှင့် ညစ်ညမ်း နေရာများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထပ်မံ ရောဂါပြန့်ပွားမှုမရှိစေရေးတွက် လတ်တလော ရောင်းချနေသည့် မုန့်ဟင်းခါးဆိုင် အသုပ်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ ၀က်သားတုတ်ထိုးဆိုင်၊ ၀မ်းပျက်ဝမ်းနူးစေသော အစားအစာနှင့် အခြားမသန့်မရှင်း ရောင်းချဆိုင်များ ခေတ္တပိတ်သိမ်းထားရှိနိုင်ရေး အသိပေးကြေညာကြောင်း ကျန်းမာရေးစိတ်ချနိုင်သော အခြေအနေရောက်ရှိမှသာ လုပ်ငန်းပြန်လည် ဆောင်ရွက်ရန်ဖြစ်ကြောင်း ထပ်မံအသိပေး အကြောင်းကြားခြင်းတို့ကို ရေးသားထုတ်ပြန်ထားသည်။
လက်ရှိအချိန်အထိ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ဇူလိုင် ၂၂ ရက်တွင် ၉၆ ဦး၊ ၂၃ ရက်တွင် ၁၀၄ ဦး၊ ဇူလိုင် ၂၄ ရက်တွင် ၁၀၇ ဦး အထိ တိုးမြင့်နေကြောင်း သိရသည်။
Writer:
ဝေလင်း (ပြည်)
No comments:
Post a Comment