Monday, July 25, 2016

ရန်ကုန်မြို့ပတ် ရထားလမ်း၏ မိုင် ၃၀ ပတ်လည်တွင် မိုးပျံရထားလမ်း

အကောင်အထည်ဖော်မည်ဟု သိရ
Monday, July 25, 2016

ရန်ကုန်မြို့ပတ် ရထားလမ်း၏ မိုင် ၃၀ ပတ်လည်တွင် မိုးပျံရထားလမ်း အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားခဲ့သည်ဟု မထသ (မြို့တွင်း) ဒုဥက္ကဋ္ဌ ဦးမင်းဇော်က ပြောကြားသည်။

မေ ၂၂ ရက်က တာမွေမြို့နယ်ရှိ မထသ (မြို့တွင်း) ရုံးချုပ်၌ ပြုလုပ်သည့် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြို့ပတ်ရထားလမ်း၏ မိုင် ၃၀ ပတ်လည်တွင် မိုးပျံရထားလမ်း လုပ်ဆောင်မည်ဖြစ်ပြီး ပေ ၅၀ အမြင့်ပေါ်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အောက်တွင် ကားလမ်းနှင့် အပေါ်တွင် မိုးပျံရထားလမ်း လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးမင်းဇော်က ပြောကြားသည်။

“မိုးပျံရထားလမ်းလုပ်ဖို့ ၀န်ကြီးချုပ်က မနေ့က ပြောသွားတာပါ။ မြို့ပတ်ရထားလမ်းနဲ့ မိုင် ၃၀ ပတ်လည်မှာ လုပ်မယ်လို့ ပြောပါတယ်။ အောက်မှာကားလမ်းနဲ့ အပေါ်မှာ ရထားလမ်း လုပ်မယ်လို့ပြောတယ်” ဟု ဦးမင်းဇော်က ပြောကြားသည်။

မိုးပျံရထားလမ်းကို အစိုးရသစ် သက်တမ်း ငါးနှစ်အတွင်း ပြီးစီးအောင် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ဦးမင်းဇော်က ပြောကြားသည်။

လက်ရှိရန်ကုန်မြို့ပတ် ရထားစီးနင်းသူ တစ်ရာနှုန်းသာရှိပြီး လူဦးရေ အနေဖြင့် ခုနစ်သောင်းခန့်သာ ရှိကြောင်း၊ သို့ဖြစ်ရာ ရန်ကုန်မြို့ပတ် ရထားကို နိုင်ငံတကာကဲ့သို့ အားထားစီးနင်းသူ များပြားလာအောင် အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားထားသည်။

ထို့ပြင် အင်းစိန်၊ ကြည့်မြင်တိုင်၊ မလွှကုန်း စသောမြို့ပတ်ဘူတာကြီးများတွင် ရှော့ပင်းစင်တာများ ဆောက်လုပ်ရန်လည်း စီစဉ်ထားသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ဦးမင်းဇော်က ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားလမ်းပိုင်းတွင် မြို့ပတ်ဘူတာ ၃၈ ဘူတာ၊ ဆင်ခြေဖုံးဘူတာ ၁၇ ဘူတာရှိပြီး နေ့စဉ်ရထား ခေါက်ရေ ၁၂၅ ခေါက် ပြေးဆွဲနေကြောင်း သိရသည်။

ဇူလိုင် ၁ ရက်မှစ၍ ရထားလက်မှတ်ခများကို မိုင်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံနေပြီး ၁၅ မိုင်လျှင်ကျပ် ၁၀၀ နှုန်း ကောက်ခံနေကြောင်း သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် အထပ်မြင့် ကားပါကင်များ၊ မိုးပျံရထားလမ်းနှင့် Water Taxi များ ပြေးဆွဲရန် အစီအစဉ်များ ရှိနေကြောင်း ဇူလိုင် ၈ ရက်တွင် ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဇူလိုင် ၁၂ ရက်က ပြောကြားသည်။

ယင်းအထဲမှ ရန်ကုန်မြို့ရှိ မြစ်ချောင်းများတွင် Water Taxi များ ပြေးဆွဲရန် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ယခုမိုးရာသီ အကုန်တွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း၊ အထပ်မြင့် ကားပါကင်များကိုလည်း ရန်ကုန်မြို့တွင်း Water Taxi ဧရိယာများအတွင်း ဆောက်လုပ်နိုင်အောင် စီစဉ်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မောင်အောင်က ပြောကြားသည်။
Writer:
ကျော်ထင်

Eleven Media Group


No comments: