Monday, July 25, 2016

CTUM က ပြည်တွင်း ငါးဖမ်းသင်္ဘောလုပ်ငန်းကို ပထမအကြိမ် စစ်တမ်းကောက်မည်ဟုဆို


Monday, July 25, 2016

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM အနေနှင့် လူကုန်ကူးမှု ဖြစ်ပွားနေသည့် ပြည်တွင်း ငါးဖမ်းသင်္ဘောလုပ်ငန်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် လေ့လာမှု စစ်တမ်း ကောက်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ်ထံမှ သိရသည်။

ဖြစ်စဉ်များကို ပထမအဆင့် အနေနှင့် အစီရင်ခံစာ တင်ပြမည်ဖြစ်ပြီး CTUM ၏ သုံးသပ်ချက်များ၊ အလုပ်သမား ဥပဒေ ကျင့်သုံးပုံ လွဲမှားမှုများကို စာတမ်း ပြုစုမည်ဖြစ်ကြောင်း၊ ဆွေးနွေး အကြံပြုချက်များ စုစည်းကာ လက်တွေ့ လုပ်ဆောင်ခြင်း၊ စောင့်ကြည့်ခြင်း လုပ်ဆောင်ချက်များ အားနည်းမှု ပြုပြင်ခြင်းများကို တင်ပြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

“အလုပ်ရှင်၊ အလုပ်သမားက ဥပဒေကို တကယ့်လိုက်နာလား မလိုက်နာဘူးလား ဆိုတာကို စောင့်ကြည့်တဲ့ လုပ်ဆောင်ချက်က အားနည်းနေတယ်။ ဒါကို ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အကူအညီတောင်းပြီး လုပ်ဆောင်ရမယ်။ မူဝါဒပိုင်းဆိုင်ရာကနေ ဖြည်းဖြည်းချင်း လုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။

အဓမ္မ ခိုင်းစေသည့် ကလေးစစ်သား ရှိခြင်း၊ လူကုန်ကူးမှု ရှိခြင်းကြောင့် အခြားသော ကိစ္စရပ်များကိုပါ ထိခိုက် လာနိုင်ပြီး အမေရိကန် နိုင်ငံက ပေးသည့် အထူးကုန်သွယ်မှု အခွင့်အရေး (GSP) (မြန်မာ ပို့ကုန်ပစ္စည်း အခွန် မယူခြင်း)ကို ပိတ်ဆို့ လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

စီးပွားရေး ပိတ်ဆို့မှုတွင် လူကုန်ကူးမှု ဖြစ်ပွားနေသည့် ရေလုပ်ငန်း တစ်ခုတည်းကိုသာ ပိတ်ဆို့နိုင်မည် မဟုတ်ဘဲ ကုန်ထုတ်လုပ်မှု အားလုံးကို ပိတ်နိုင်မည်ဖြစ်ကြောင်း၊ ရေလုပ်ငန်းကို ဥပဒေဖြင့် ထိန်းကြောင်း မပြုပြင်နိုင်လျှင် မြန်မာနိုင်ငံ စီးပွားရေး တစ်ရပ်လုံး ဒုက္ခရောက်နိုင်မည်ဖြစ်ကြောင်း ဦးမောင်မောင်က သုံးသပ် ပြောဆိုသည်။

ယင်းသို့ ကိစ္စရပ်များ မဖြစ်ပွားရန် ပြုပြင်ရန် လိုအပ်သည့် အချက်များကို အစီရင်ခံစာ ပြုလုပ်ကာ အစိုးရထံ တင်ပြပြီး ILO ၏ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းတွင် မည်သို့ လုပ်ဆောင်သင့်သည်ဟု ထုတ်ပြန်ချက်ကို ဖြည့်ဆည်းပေးရန် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

စစ်တမ်း ကောက်ယူရာတွင် အစိုးရက စစ်တမ်း ကောက်ယူမည်ဖြစ်ပြီး CTUM အနေနှင့် လွတ်လပ်စွာ ကောက်ယူမည်ဖြစ်ကြောင်း၊ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွင် တစ်ဖွဲ့ချင်းစီ၏ စစ်တမ်းကို ဆွေးနွေးကာ အမှန်တစ်ခုကိုသာ ယူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဇူလိုင်လ ၁၂ ရက်က ဖြစ်ပွားခဲ့သည့် ပင်လယ် ငါးဖမ်းလုပ်ငန်းတွင် လူကုန် ကူးခံရပြီး လွတ်မြောက်လာသည့် အလုပ်သမားများ၏ ငါးဖမ်းသင်္ဘော လုပ်ငန်းခွင်အတွင်း ဖြစ်ပွားပုံကို စာတမ်း ပြုစုမည်ဖြစ်ပြီး အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်တွင်း ငါးဖမ်းလုပ်ငန်းတွင် အလုပ်ရှင်၊ အလုပ်သမား တရားဝင် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်မှု နည်းပါးပြီး လူပွဲစားများက ရောင်းစာမှုများ ကြုံတွေ့နေရကြောင်း၊ အစိုးရအနေနှင့် ငါးဖမ်းသင်္ဘော မည်မျှ ပင်လယ်ပြင်ကို ထွက်ခွာနေသည်၊ ရေလုပ်သား မည်မျှ ရှိနေသည်ကို စာရင်းပြုစုမှု အားနည်းနေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဦးတင့်သွင်က ပြောကြားသည်။

The Voice


No comments: