Tuesday, July 5, 2016

(၂၁)ရာစု ပင်လုံတွင် ပါဝင်သင့် ပါဝင်ထိုက်သူ အဓိက ကျသည့် ပုဂ္ဂိုလ်များ ပါဝင်နိုင်ရေးအတွက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ---- --- --- --- ---

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတွင် ပါဝင်သင့် ပါဝင်ထိုက် သူ အဓိက ကျသည့် ပုဂ္ဂိုလ်များ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံက ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ကြရာတွင် နိုင်ငံတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား သင့်မြတ်အောင် ဆောင်ရွက်ကြရုံသာမက တိုင်းရင်းသားများများ အချင်းချင်းအကြား ပြန်လည်သင့်မြတ်ရေးအတွက်ပါ ဆောင်ရွက် ပေးကြရန် ဆက်လက်ပြောကြားသည်။

အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ရှင်းလင်းတင်ပြသည်။
ထို့ပြင် အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံကျင်းပနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာကြသူများက ငြိမ်းချမ်းရေး နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းဆွေးနွေး တင်ပြချက် များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး မူဝါဒ ချမှတ်မှုများ ဆောင်ရွက်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး ခြုံငုံ၍ အလှူရှင်များ၏ ထောက်ပံ့ကူညီမှုများနှင့် စပ်လျဉ်းသည့် မူဝါဒ၊ စည်းမျဉ်း စည်းကမ်းများကို ချမှတ်ပေးပြီး အလှူရှင်များနှင့် ညှိနှိုင်းခြင်း၊ လိုအပ်သည့်နေရာဒေသ၊ လိုအပ်သည့်အဖွဲ့အစည်းများသို့ ပြန်လည်ခွဲဝေပေးခြင်းများကိုလည်း တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

Credit- State counsellor office

No comments: