Sunday, July 3, 2016

မြန်မာ့သစ်လုပ်ငန်းမှ ဆင်များအား အနားပေးပြီး အခြားလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်






၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစတင်ကာ သံယဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက် ရှိ မြန်မာ့သစ်လုပ်ငန်းမှ ဆင်များအား အနားပေးမည်ဖြစ်ပြီး အခြားလုပ်ငန်းများတွင် ပြန်လည် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၆/ ၁၇ ဘဏ္ဍာနှစ်တွင် သစ်တောပြုန်းတီးမှုလျော့ချသည့်အနေဖြင့် ဆင်များကိုအနားပေးထားမည်ဖြစ်ပြီး တခြားနည်းလမ်းများဖြင့် ဆင်များကို ပြောင်းလဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“တစ်ချိန်မှာလုံးဝ သစ်မထုတ်တော့ဘူးဆိုရင် ဆင်တွေနဲ့ပတ်သက်လို့ အလောင်းတော်ကဿပမှာလိုမျိုးခရီး သွားလုပ်ငန်းတွေမှာ အသုံးပြုတာမျိုးတွေနဲ့ ချိန်းသွားမှာ ဖြစ်ပါတယ်။” ဟု သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။

မြန်မာသစ်လုပ်ငန်းမှ အသက်၁၈နှစ် အထက်ရှိသည့် ဆင်များမှာ တစ်နှစ်လျှင်သစ် တန်ချိန် ၂၀၀ခန့် ကို သယ်ယူရကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆင်မုံကြိုးဝိုင်းမှ  သိရသည်။

“ဆင်တွေအလုပ်မရှိတဲ့အချိန်မှာ ဆင်တစ်ကောင်မှာ ဆင်ဦးစီးတစ်ယောက်စီထားပြီး နေ့စဉ် ကောက် (ရေချိုး၊ သန့်ရှင်းရေး၊လမ်းလျှောက်)ပေးတယ်။ ဆရာဝန်နဲ့လည်း ပုံမှန်စစ်ဆေးပေးနေတယ်။ အချင်းချင်းခိုက်ရန် ဖြစ်တာတွေ မရှိအောင်အနာတရ ဖြစ်ရင်လည်းအချိန်မီ ကုသမူတွေ လုပ်ပေးနေရတယ်။”ဟု ဆင်မုံကြိုးဝိုင်းမှ ဆင်ဆရာဝန် ဦးမျိုးမင်းအောင်က ပြောသည်။

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ဆင်မှောင်ခိုဂိုဏ်းများမှ တောဆင်ရိုင်းများကိုအဆွယ် ဖြတ်ယူခြင်း၊ အရေခွံခွာခြင်းနှင့်နှာမောင်းဖြတ်ယူသတ်ဖြတ်နေပြီး တရုတ်ပြည်သို့တရားမ၀င် ရောင်းချနေသော ကြောင့် ဆင်ကောင်ရေနည်းပါးလာနေကြောင်း သိရသည်။

မြန်မာ့သစ်လုပ်ငန်းမှ အနားယူခိုင်းမည့်ဆင်များအတွက် ဆင်အိုရုံကို Four paws International အဖွဲအစည်းနှင့် မြန်မာ့ သစ်လုပ်ငန်းတို့ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။


No comments: