Sunday, July 3, 2016

ထိုင်းနိုင်ငံမှ ငါးမြစ်ချင်းများ တရားမဝင် ဝင်ရောက်လာသဖြင့် ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းများ ထိခိုက်နစ်နာနေ




ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငါးမြစ်ချင်းငါးများ တရားမဝင် ဝင်ရောက်လာသဖြင့် ပြည်တွင်းငါးမွေးမြူရေး လုပ်ငန်းများ ထိခိုက်နစ်နာမှုများရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရှိရသည်။

ထိုင်းနိုင်ငံမှ ငါးမြစ်ချင်းငါးများ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ရန်ကုန်မြို့ရှိ ဗဟိုစံပြငါးဈေးသို့ တစ်နေ့လျှင် ငါးပိဿချိန် (၆၀၀၀)ပတ်ဝန်းကျင် တရားမဝင် ၀င်ရောက်နေကြောင်း သိရသည်။

“ထိုင်းက တရားမဝင် ငါးမြစ်ချင်းတွေ တင်သွင်းနေတယ်ဆိုတဲ့ သတင်းကိုတော့ ကျွန်တော်တို့ ကြားရတာ တစ် လလောက်တော့ ရှိနေပြီ။ ဒါပေမယ့် သတင်းတိတိကျကျကိုတော့ ကျွန်တော်တို့ မနေ့ကမှ ရရှိတာ ဖြစ်ပါတယ်။ ပြည်ပကနေ တရားမဝင် ဝင်ရောက်လာတဲ့ လမ်းကြောင်းကို လေ့လာမှုတွေ ပြုလုပ်နေပါတယ်။” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ တင်သွင်းလျက်ရှိသည့် ပုစွန်များနှင့်အတူ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ငါးမြစ် ချင်းငါးများကို ဖမ်းဆီးအရေးယူနိုင်ရန် ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ကရင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ ချုပ်နှင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များထံသို့ အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“ပုစွန်က ပြည်တွင်းလိုအပ်ချက်မြင့်မားပြီးတော့ ကိုယ်လည်းမမွေးနိုင်ဘူး။ သဘာဝကလည်း ဖမ်းဆီးရရှိမှုက လည်း လျှော့နည်းလာတဲ့အတွက် ပုစွန်တင်သွင်းမှုကို လိုအပ်ချက်ကြောင့် ခွင့်ပြုပေးခဲ့တယ်။ ခွင့်ပြုပေးတာကို လည်း တရားဝင်ကုန်သွယ်ရေးအဖြစ် တင်သွင်းခွင့်ပြုတာ ဖြစ်တယ်။ ငါးက ပြည်တွင်းလိုအပ်ချက်လည်း မရှိတဲ့ အတွက် တင်သွင်းခွင့်မပြုဘူး။” ဟု ဦးဝင်းကြိုင်က ပြောသည်။

ပြည်တွင်းဈေးကွက်အတွင်း သားငါးများ ရှားပါးချိန်နှင့်သားငါးဈေးနှုန်းမြင့်မားချိန်တွင် ပြည်ပနိုင်ငံများမှ တရားမ ဝင်လမ်းကြောင်းမှတဆင့် ပုစွန်များ၊ အေးခဲကြက်သားများ၊ ကြက်ဥများ တရားမဝင် ဝင်ရောက်နေကြောင်း  သိရသည်။

ကြည်မြင့်တိုင် ဗဟိုငါးဈေးတွင် ငါးမြစ်ချင်းငါး တစ်ပိဿလျှပ် ငါးအရွယ်အစားအလိုက် ကျပ်(၁၂၀၀)မှ ကျပ် (၅၀၀၀)အထိ ဈေးပေါက်လျက်ရှိပြီး တရားမဝင် ဝင်ရောက်နေသည့် ငါးမြစ်ချင်းက တစ်ပိဿကျပ်(၃၀၀)လျော့ ရောင်းချခြင်းရှိနေသည့်အတွက် ပြည်တွင်း ငါးလုပ်ငန်းရှင်များ စီးပွားရေး ထိခိုက်နိုင်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။

“အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံထဲကို ယိုးဒယားကနေ ငါးမြစ်ချင်းတွေ ဝင်ရောက်လာပြီဆိုရင် ကျွန်တော် တို့ နိုင်ငံမှာ ငါးကန်တွေမှာ ဘာဖြစ်နေတယ်ဆိုတာကို မသိသင့်ဘူးလား။ ဒါကြောင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း ရှင်တွေ ဘာအခက်ခဲတွေ ရှိကြလည်းဆိုတာ သိရှိနိုင်ဖို့အတွက် စုံစမ်းဖို့ လိုအပ်ပါတယ်။” ဟု မြန်မာနိုင်ငံ ရေချိုငါးဖမ်းလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ ဒေါက်တာ မြင့်စိန်က ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း ရေချိုငါး၊ ပုစွန် မွေးဧကပေါင်း(၄၇၉၇၄၃) ဧကရှိကာ ဧကထက်ဝက်ခန့်မှာ ငါးမြစ်ချင်း မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


No comments: