Sunday, July 3, 2016

မန္တလေးမြို့ မီးဘေးသင့်မင်္ဂလာဈေး၏ မြေညီထပ်ဆိုင်ခန်းများကို ဆိုင်ပိုင်ရှင်များ စိတ်ကြိုက် ပုံစံအတိုင်း တည်ဆောက်ပေးမည်







မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ မီးဘေးသင့်မင်္ဂလာဈေး၏မြေညီထပ်ဆိုင်ခန်းများကို ဆိုင်ခန်းရှင်များ ကြိုက်နှစ်သက်သည့် ဒီဇိုင်းပုံစံအတိုင်းတည်ဆောက်ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်မှ ဇွန်(၂၉)ရက်၊ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြောကြားလိုက်သည်။

“မင်္ဂလာဈေး အသစ်တည်ဆောက်ရာမှာ မြေညီထပ်ကို ဆိုင်ခန်းရှင်များ ဆန္ဒအတိုင်းတည်ဆောက်ပေးမှာ  ဖြစ်တယ်။ ကျန်အထပ်တွေကိုတော့ အဆင့်မြင့်တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။”ဟု မြို့တော်ဝန် ဦးရဲလွင်က ပြောသည်။

မန္တလေးမြို့ လမ်း ၃၀-၃၁လမ်းကြား၊ ၇၂-၇၃ လမ်းကြားရှိ မီးဘေးသင့်ခဲ့သည့်မင်္ဂလာဈေးအား ပုဂ္ဂလိက လုပ်ငန်းဖြင့် အကျိုးတူပူးပေါင်း၍ အသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး မီးလောင်ကျွမ်းထားသော
မင်္ဂလာဈေးအဆောက်အအုံများကို ဖျက်သိမ်းရန် တင်ဒါခေါ်ယူခဲ့ပြီး ဇူလိုင်(၁)ရက်မှစတင်ကာ ဖျက်သိမ်းရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါဈေးသစ်ကို ယခင်ဈေးထက် ပိုမိုကြံ့ခိုင်စွာတည်ဆောက်သွားမည်ဖြစ်ပြီး မီးဘေးအန္တရာယ်အတွက် နိုင်ငံတကာ အဆင့်မီ မီးငြိမ်းသတ်စနစ်များ၊ အရေးပေါ်ကယ်ဆယ်ရေးစနစ်များကိုလည်း ထည့်သွင်း တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

“မင်္ဂလာဈေးအောက်ထပ်ရှိ  စီမံကိန်းမြန်မြန်လုပ်ပြီးဈေးကိုမြန်မြန်ပြီးစေချင်တယ်။အပြင်မှာက ဆိုင်ခန်းငှားခ တွေက တအားဈေးကြီးတော့ ပြန်ဖွင့်ဖို့ခက်ခဲနေတယ်” ဟု မိတ္တူကူးစက်နှင့် ဆက်စပ်ပစ္စည်းအရောင်းအ၀ယ် လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ဈေးတည်ဆောက်ရာတွင် ဆိုင်ခန်းပိုင်ရှင်များသာမက ပျံကျဆိုင်များကိုလည်းစာရင်းများကောက်ခံ၍ ဆိုင်ခန်းများ ပေးအပ်သွားရန်စီစဉ်ထားပြီး စာရင်းပေးသွင်းထားသော ပျံကျဆိုင်ခန်းအရေအတွက် အတိုင်း ချထားပေးရန်လည်း စီစဉ်ပေးသွားမည်ဖြစ်သည်။


No comments: