Sunday, July 3, 2016

ရခိုင်ပြည်နယ်အပါအဝင်ဒေသအချို့ မိုးကြီးပြီး မြေပြိုမည့်အန္တရာယ်ရှိ ---------------------------------------------------


ရန်ကုန်၊ ဇူလိုင် ၂

လာမည့်သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့၌ မိုးကြီးပြီး မြေပြိုမည့်အန္တရာယ်ရှိနေကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။

ယခုရက်ပိုင်း မုတ်သုံလေအားကောင်းနေခြင်းကြောင့် ရခိုင်ပြည်နယ်မြောက် ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မိုးကြီးခြင်းကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အန္တရာယ်ရှိကြောင်း ၎င်းကပြောဆိုသည်။

ပြီးခဲ့သည့်ဇွန်လအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့အပါအဝင် ရခိုင်ပြည်နယ် သံတွဲမြို့၊ တောင်ကုတ်မြို့နှင့် မြောက်ဦးမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး လမ်း၊ တံတားများ ကျိုးကျပျက်စီးခဲ့သည်။

ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်း တိုင်းအထက်ပိုင်း၊ ချင်းပြည်နယ် တောင်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးရေ ချိန် ၁၂ လက်မမှ လက်မ ၂၀ ခန့်အထိ၊ ချင်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးရေချိန်ခြောက်လက်မမှ ၁၂ လက်မရရှိသည်အထိ မိုးများနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ထို့ပြင် နောက်သုံးရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးအားပိုလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ကြေညာချက် ထုတ်ပြန်ထားသည်။


No comments: