Thursday, July 7, 2016

ဘုန်းကြီးဘွဲ့အမည် တပ်ဆင်ထားသည့် လူစီးလိုင်စင်မဲ့ကားအား ရက်တစ်ရာ ရဲများက ဖမ်းဆီးအရေးယူ ======


သတင်း+ ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဘိုးဘွားရိပ်သာ အ၀ိုင်းပတ်နေရာအနီး၌ ရက်တစ်ရာ စီမံချက်အရ လှည့်ကင်းဆောင်ရွက်လျက်ရှိသော ယာဉ်စစ်ဆေးရေးအဖွဲ့သည် ဇူလိုင် ၆ ရက်ည ၁၁ နာရီအချိန်က မန္တလေးမှ မုံရွာဘက်သို့ ဦးတည်မောင်းနှင်လာသော ဘုန်းကြီးဘွဲ့အမည်တပ် လူစီးလိုင်စင်မဲ့ကားတစ်စီးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်က ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။
`` လိုင်စင်မဲ့ကားအများစုဟာ ဘုန်းကြီးကျောင်းနဲ့ ဘုန်းကြီးအမည်ခံပြီး လူတွေက သုံးစွဲနေကြတာပါ .. သာသနာကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာနေကြတယ် ...´´ ၎င်းက ဆက်လက်၍ ပြောသည်။
ဇူလိုင် ၆ ရက်ညက မုံရွာခရိုင်ရဲတပ်ဖွဲ့ဝင်များသည် ရက်တစ်ရာစီမံချက် လုပ်ငန်းစဉ်များအရ ပုလစ်စာတမ်းပါ ရဲတပ်ဖွဲ့ယာဉ် ကိုးစီး ရဲအင်အား ခြောက်ဆယ်နှင့်အတူ သတင်းမီဒီယာများလိုက်ပါလျက် မြို့အတွင်းသို့လှည့်ကာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေချိန်တွင် ထိုကဲသို့ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်နှင့်ပတ်သက်၍ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်က အမှုဖွင့်အရေးယူဆောင်ရွက်လျက်၇ှိကြောင်း သိရှိရသည်။
ကိုတိုးကြီး

No comments: