Thursday, July 28, 2016

"ခန္တီးသို့ ကယ်ဆယ်ရေးပစ္စည်းများ လေယာဉ်ဖြင့် ပို့ဆောင် "

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးရင်ဆိုင်နေရသော ခန္တီးမြို့သို့ ကယ်ဆယ်ရေးပစ္စည်းများကို လေယာဉ်ဖြင့် ပို့ဆောင်ပေးနေကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်နှင့် မော်လိုက်မြို့တို့တွင် ရေဘေးရင် ဆိုင်နေရခြင်းဖြစ်ပြီး ခန္တီးမြို့မှာ ရေကြီးနစ်မြုပ်မှု အဆိုးဆုံး ရင်ဆိုင်နေရခြင်း  ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစ၀ီလီယံဖရန့်က " အထက်ကညွှန်ကြားချက်နဲ့ ဒီနေ့မနက်ပဲ လေယာဉ်နဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့နေပါတယ်။ မြန်မာ့လေကြောင်းပိုင် လေယာဉ်နဲ့ပို့တာ" ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မြို့နယ်လေးခုတွင် လူဦးရေ ၅,၀၀၀ ကျော် ရေဘေးရင်ဆိုင်နေရကာ ခန္တီးမြို့တွင် လူဦးရေ ၃၇၀၀ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ဦးစ၀ီလီယံဖရန့်က ပြောသည်။

ခန္တီးမြို့  ဝေနေယပါလ လူမှုကူညီရေးအသင်းမှ ဦးသိန်းလွင်က ရေဘေးရင်ဆိုင်နေရသူများသည် စားသောက်ကုန်အကူအညီ အရေးတကြီးလိုအပ်နေကြောင်း ပြောသည်။ ချင်းတွင်းမြစ် ရေသည် ခန္တီးမြို့တွင် စိုးရိမ်ရေမှတ်အထက် ငါးပေခန့်အထိ မြင့်တက်နေသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ပြီး ယနေ့ နေ့လယ်တွင် ရေအနည်းငယ် ကျဆင်းလာကြောင်း သတင်းရရှိသည်။

ခန္တီးမြို့တွင် ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရသည်ကို ဇူလိုင် ၂၇ရက်က တွေ့ရစဉ်
ဓာတ်ပုံ - ခန္တီးသတင်း

No comments: