Sunday, July 3, 2016

ဖားကန့်ဒေသ၌ အစ္စလာမ် ဘာသာဝင်များ၏ တရားမ၀င် ယာယီဝတ်ပြုဆောင် ဖျက်ဆီးခံရမှုတွင် ဦးဆောင်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖမ်းဆီး အရေးယူမည်ဟု ပြည်နယ် ရဲတပ်ဖွဲ့ ပြောကြား

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာတွင် ခွင့်ပြုချက်မဲ့ တည်ဆောက်ထားသည့် အစ္စလာမ် ဘာသာဝင်များ၏ ယာယီ ၀တ်ပြုဆောင်အား ဇူလိုင် ၁ ရက်က ဒေသခံများက လူအင်အားဖြင့် ဖျက်ဆီးမှု ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး ဦးဆောင်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖမ်းဆီး အရေးယူသွားမည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောကြားသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး သူရမျိုးနောင်က “ခရိုင် အုပ်ချုပ်ရေးအထိ ရှိနေပြီး တားဆီးမှုတွေ လုပ်ပေမယ့် လူထုက စိတ်မရှည်တဲ့ သဘောပါ။ လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး ဥပဒေ အတိုင်းပဲ ဆောက်ရွက်ကြဖို့ ရပ်မိရပ်ဖတွေရော၊ အစိုးရနှင့် အစ္စလာမ် ဘာသာဝင်တွေရော သဘောတူပြီးသားပါ။ ပါဝင်သူတွေနှင့် နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိခဲ့ရင်လည်း ရဲမှတ်တမ်းတွေအရ အရေးယူ ဆောင်ရွက်သွားမှာပါ။ အမှုလည်း မီးရှို့မှု၊ ပူးပေါင်း ပါဝင်မှုတွေနဲ့ ဖွင့်ထားပါတယ်။ လုံခြုံရေးအင်အား တိုးမြှင့် ချထားပါတယ်။ လုံခြုံရေးအရ တပ်မတော်ကို အကူအညီ တောင်းတာတော့ မရှိသေးပါဘူး” ဟု ပြောကြားသည်။

လုံးခင်း-လယ်ပြင်ကျေးရွာ ဥရုချောင်းကူး ဘေလီတံတားထိပ်ရှိ အစ္စလာမ် ဘာသာဝင်များ၏ ယာယီဝတ်ပြုဆောင်မှာ မူလပိုင်ရှင် ဆိုသူမှ အမှန်တကယ် ပိုင်ဆိုင်ခဲ့သည့် ခိုင်လုံသော အထောက်အထား မရှိခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာမှ ခွင့်ပြုချက် ရရှိခြင်း မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ ဖြစ်ခြင်းတို့ကြောင့် သက်ဆိုင်သူ ကာယကံရှင်များ အစီအစဉ်ဖြင့်  ရှင်းလင်း ဖယ်ရှားရန် ပြည်နယ် အစိုးရမှ ညွှန်ကြားခဲ့ရာ သက်ဆိုင်သူများမှ အဆောက်အအုံအား ဖယ်ရှားမှု မပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့မှ အဆောက်အအုံအား ချိပ်ပိတ်ထားရန် တားမြစ်မိန့် ထုတ်ခဲ့သော်လည်း ဒေသခံများမှ လက်မခံဘဲ လူအင်အားဖြင့် မီးရှို့ ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် ယာယီဝတ်ပြုဆောင် နေရာသို့ တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ထားသော လူအင်အား ၅၀၀ ခန့် ရောက်ရှိလာကြောင်း၊ အဆိုပါ လူများအား မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ အမှတ်(၈)ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးတို့ ဦးစီးသည့် ရဲလုံခြုံရေး တပ်ဖွဲ့ဝင်များမှ အဆင့်ဆင့် တားဆီးခဲ့သော်လည်း လက်ခံခြင်း မရှိဘဲ ယာယီဝတ်ပြုဆောင်အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ညနေ ၅ နာရီ ၀န်းကျင်တွင် ပြန်လည် ထွက်ခွာသွားကြပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ဓာတ်ပုံမှတ်တမ်းတင်သူ အချို့မှာ လောက်လေးခွဖြင့် ရန်ပြု တိုက်ခိုက်ခံခဲ့ရမှုများ ရှိကြောင်း သိရသည်။  

လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ၊ လုံးခင်း-လယ်ပြင် ဥရုချောင်းကူး ဘေလီတံတားထိပ်ရှိ အစ္စလာမ် ဘာသာဝင်များ၏ ယာယီဝတ်ပြုဆောင် အတွင်း၌ အဆောက်အအုံသစ် ဆောက်လုပ်ခြင်း၊ ကျောက်ရိုးစီ ကာရံခြင်းများ ပြုလုပ်ခဲ့ရာမှ ပြဿနာ စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆောက်လုပ်နေမှုအား ကျေးရွာအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ မြို့နယ် သာသနာရေး ဦးစီးမှူးတို့ ပါဝင်သော အဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ရာ ခွင့်ပြုမိန့် တောင်းခံထားခြင်း မရှိသဖြင့် အဆောက်အအုံ ဆောက်လုပ်ခြင်း မပြုရန် တားမြစ်ခဲ့ကြောင်း သိရသည်။  

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဧပြီ ၂၄ ရက်တွင် မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးဆောင်သော ကွင်းဆင်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးခဲ့ရာ အခင်းဖြစ်မြေသည် ၂၀၀၀ ပြည့်နှစ်မှ လက်ရှိ အချိန်အထိ အသုံးပြုလျက်ရှိပြီး အလျား ၅၁ ပေ၊ အနံ ၄၅ ပေ၊ အမြင့် ကိုးပေခန့် ရှိကြောင်း၊ လယ်ပြင်ကျေးရွာမြေ၏ ပြင်ပတွင် ရှိသော မြေလွတ်မြေရိုင်းတွင် ပါဝင်ပြီး ဧရိယာ(၀ ဒသမ ၅၀) ဧက ရှိကြောင်းနှင့် စည်ပင်နယ်နိမိတ် ပြင်ပတွင် ရှိကြောင်း သိရသည်။   

အဆောက်အအုံမှာ မြေရာဇ၀င် စိစစ်ချက်များအရ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာမှ ခွင့်ပြုချက် ရရှိခြင်း မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ ဖြစ်သည့်အတွက် တာဝန်ရှိ အဖွဲ့အစည်း အဆင့်ဆင့်မှ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ၎င်းတို့ ကိုယ်တိုင် ဖျက်ပေးရန် အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးခဲ့သော်လည်း အဆင်ပြေမှု မရရှိဘဲ သတ်မှတ်ရက်တွင် ဖျက်သိမ်းခြင်း မရှိသေးသည့် အတွက် ဒေသခံများက မကျေမနပ်ဖြစ်ကာ ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

အစ္စလာမ် ဘာသာဝင် လုံးခင်းဒေသခံ တစ်ဦးက “လောလောဆယ်တော့ လုံခြုံမှု ရှိပါတယ်။ မနေ့က အခြေအနေကို ပြောရတာ ခက်ပါတယ်။ မဖြစ်ခင်ကတော့ ရဲတို့၊ အုပ်ချုပ်ရေး အဖွဲ့တို့ကလည်း ဘာမှမဖြစ်ရင် ကာကွယ်တယ်။ တကယ်နေ့လည်းရောက်ရော ဘာမှ မတတ်နိုင်ပါဘူး။ အနည်းနဲ့ အများ ဆိုတော့ ဘာမှ မတတ်နိုင်ပါဘူး။ ဇွန် ၃၀ ရက် မတိုင်မီ အဆောက်အအုံကို ဖျက်ခိုင်းတာက ဟုတ်ပါတယ်။ ကျွန်တော်တို့ သဘောနဲ့ ကျွန်တော်တို့ ဖျက်ရမယ်ဆိုပြီး လုပ်ပါတယ်။ ကျွန်တော်တို့က မဖျက်နိုင်ကြောင်း တင်ပြထားပါတယ်။ အစိုးရ အမိန့်နဲ့ ဆိုရင် ဖျက်ပါလို့ ညှိနှိုင်းပြီးသားပါ။ ထိပ်တိုက်တော့ မတွေ့ပါဘူး။ကိုယ်ချင်းစာနာတဲ့ စိတ်တွေ မရှိကြလို့ပါဗျာ။ ဥပုသ်လကြီးဖြစ်တော့ စိတ်ထဲ မကောင်းလို့ပါ။ မြေပြဿနာနဲ့ ပတ်သက်ရင်တော့ ရှည်လွန်းလို့ မပြောချင်ပါဘူး” ဟု ပြောကြားသည်။

မီးရှို့မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ် ရဲမှူးမြင့်ဆွေက တရားလိုပြုလုပ်၍ လုံးခင်းနယ်မြေ ရဲစခန်းတွင် (ပ)၂၇/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၁၁၄ တို့ဖြင့် တရားခံများ ဖမ်းဆီးရမိရေး အရေးယူ ဆောင်ရွက်နေကြောင်း၊ ဒေသတွင်း တည်ငြိမ်မှု ရှိသော်လည်း အခင်းဖြစ်ရာ နေရာတစ်ဝိုက်တွင် ရဲလုံခြုံရေး တိုးမြှင့်ထားပြီး ညအချိန်တွင်လည်း ရပ်ရွာများအတွင်း ကင်းလှည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Writer: 

ထွန်းလင်းအောင်၊ အောင်ဟိန်းမင်း

No comments: