Friday, January 15, 2016

ရွာငံမှထွက်ရှိသည့် ကော်ဖီစေ့အား ဂျပန်နိုင်ငံ Tea Coffee ကုမ္ပဏီက ၀ယ်ယူရန် စီစဉ်နေ

ရွာငံမှထွက်ရှိသည့် ကော်ဖီစေ့အား ဂျပန်နိုင်ငံ Tea Coffee ကုမ္ပဏီက ၀ယ်ယူရန် စီစဉ်နေ ------- -------- --------- ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်မှ ထွက်ရှိသည့် ကော်ဖီစေ့များမှာ ကမ္ဘာ့အဆင့်မီ သဖြင့် ဂျပန်နိုင်ငံရှိ အဓိကဈေးကွက်ရ ကော်ဖီ ကုမ္ပဏီဖြစ်သည့် Tea Coffee က ဝယ်ယူရန် စီစဉ်နေကြောင်း မန္တလေး မြန်မာနိုင်ငံ ကော်ဖီအသင်း (MCA)မှ သိရှိရသည်။ “မနှစ်ကတင်ပို့တဲ့ နှစ်မျိုးမှာ ရွာငံကော်ဖီကို ကြိုက်တယ်။ ဂျပန်က ကော်ဖီကောင်းရင် အားပေးပါတယ်။ ဒီနှစ် လည်းဝယ်မှာပါ။ ခုက ကော်ဖီရာသီအစမို့ ဘယ်လောက် ဝယ်မလဲ မသိရသေးတာပါ။ မနှစ်က စမ်းပို့ကြည့်တာ ကြိုက်ကြတယ်။ ဒီနှစ်က မနှစ်ကထက် တိုးဝယ်မယ်လို့ သိရတယ်။ မနှစ်ကတော့ ဂျပန်ကို နမူနာပို့လိုက်၊ စမ်းလိုက်ပေါ့” ဟု မန္တလေး မြန်မာနိုင်ငံ ကော်ဖီအသင်း (MCA)မှ အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောသည်။ မန္တလေးမြန်မာနိုင်ငံ ကော်ဖီအသင်း (MCA) က၂၀၁၅ ခုနှစ် ကော်ဖီခူးဆွတ်ရာသီ ချိန်၌ ရွာငံကော်ဖီစေ့ ၁၈ တန်နှင့် ပြင်ဦးလွင်မှ ကော်ဖီစေ့ ၁၈ တန်ကို ဂျပန်နိုင်ငံမှ Tea Coffee ကုမ္ပဏီကြီးသို့ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃,၅၀၀ ဈေးနှုန်းဖြင့် စမ်းသပ်တင်ပို့ ရောင်းချခဲ့ကြောင်း သိရသည်။ “ဂျပန်ကလည်း ဒီနှစ်ထဲဝယ်ဖို့ စိုင်းပြင်းနေတယ်။ အခြေအနေ စောင့်ကြည့်နေတာ ပေါ့။ သဘောတူစာချုပ်တော့ ဘာမှမလုပ်ရသေးဘူး။ အရည်အသွေးက သူတို့ သိပြီးသားပါ။ ဒါပေမဲ့ လက်ရှိ ဒီမှာရှိနေတဲ့ ဈေးကွက် အနေအထားလေးကို သူတို့စောင့်ကြည့်နေတဲ့ သဘောပါ။ ဝယ်တာတော့ ဝယ်မှာ၊ သူတို့ကြိုက်နေပြီ” ဟု ရွာငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ကျော်က ပြောသည်။ ဂျပန်နိုင်ငံအနေဖြင့် ရွာငံကော်ဖီကို ကမ္ဘာအဆင့်အတန်းမီ အရည်အသွေးရှိခြင်း၊ သဘာဝအတိုင်း စိုက်ပျိုးခြင်း၊ ရေမြေရာသီဥတု ညီမျှခြင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း များကြောင့် အခြားဒေသထွက် ကော်ဖီစေ့များထက် ပိုမို ကြိုက်နှစ်သက် ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရွာငံမှ သဘာဝအတိုင်း ကော်ဖီစေ့များ၏ အဆင့်သည် ကမ္ဘာအဆင့် သတ်မှတ်ချက် အဆင့် ၈၅ မှတ်ရရှိနေပြီး အမေရိကန်မှ ကော်ဖီ ပညာရှင်များ၏ ထောက်ခံချက် ရရှိထားကြောင်း သိရသည်။ သတင်း - MMK The Ladies News Journal

No comments: