ဖားကန့် ဒေသခံတွေပြောတဲ့ KIA
===================
ကချင်ပြည်နယ်၊ ဖားကန့်ဒေသသည်
တရားဥပဒေစိုးမိုးမှုမရှိသည့်အတွက်
နေထိုင်ရန်မသင့် သောအရပ်တစ်ခုဖြစ်သော်လည်း
အခြားဒေသများထက် စီးပွားရှာဖွေ ရန် ပိုမိုကောင်းမွန်သည့်အတွက်
ကြုံတွေ့နေရသောအခက်အခဲများကို
သည်းခံနေကြရကြောင်း ဒေသခံ များက ပြောကြားသည်။
ဖားကန့်ဒေသတွင် ဈေး ရောင်းခြင်း၊ စားသောက်ဆိုင်ဖွင့် ခြင်းအပါအ၀င်
တခြားတခြားသော စီးပွားရေးလုပ်ငန်းများတွင်
ထက် ၀က်နီးပါးအကျိုးအမြတ်ရသော်လည်း
အခွန်ဆောင်မှုအပိုင်းတွင် အစိုးရနှင့် KIA အဖွဲ့အစည်း နှစ်ခုထံအခွန်ဆောင်နေရသည့်အတွက်
ဒေသခံများနစ်နာနေကြသည်ဟု
အသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းရှင်အချို့က ဆိုကြသည်။
““မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာများ ဒီလိုအဖွဲ့ ၂ ဖွဲ့ကို
အခွန် ဆောင်ရတယ်လို့ကြားဖူးလဲ။
ဒီမှာကတော့ အစိုးရအခွန်ဆိုလည်း ပေးရ KIA အတွက်လည်း ပေးရတယ်။
စီးပွားရေးအရ သာ သည်းခံ နေရတာ ...
ဘယ်လိုမှနေလို့မကောင်း တဲ့ အရပ်ဒေသ”” ဟု
ဒေသခံ မရွှေရည်ဝင်းကဆိုသည်။
ဖားကန့်ဒေသတွင် နိုင်ထက်စီးနင်းမှုများ၊ မတရားမှုများ၊
ဒုစရိုက်မှုများနှင့် ပြည့်နှက်နေပြီး အထူးသဖြင့်
ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့်
KIA ကို ပိုမိုကြောက်ရွံ့ရကြောင်း ဒေသခံများကပြောကြသည်။
အစိုးရ ၊ စစ်တပ် နှင့် KIA အဖွဲ့အ စည်း (၃)ခုတွင်
စိတ်အလိုမကျသည့်အခါ အိမ်ထဲသို့ပင်ဝင်၍
ဒေသခံများကို သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်တတ်သည့်အတွက်
KIA ကို ပိုမိုကြောက်ရွံ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံရပ်မိရပ်ဖများပင် မသိသည့် ဖားကန့်ဒေသအတွင်းရှိ
အိမ်မြေစာရင်းတွင် လူဦးရေစာရင်း၊ စီးပွားရေးလုပ်ငန်း၊
ကား၊ ဆိုင်ကယ်စသည့် အသုံးအဆောင် ပစ္စည်းများပိုင်ဆိုင်မှု
စသည့်အချက် အလက်များမှာ KIA ထံတွင်စာရင်း အတိအကျရှိပြီး
စီးပွားရေးလုပ်ငန်း နှင့် အသုံးအဆောင်ပစ္စည်းများ
ပိုင်ဆိုင်မှုအလိုက်အခွန်ပေးဆောင် ရခြင်းဖြစ်သည်။
ထိုသို့အခွန်ပေးဆောင်ရသည့်အခါ
တောထဲတွင်သွားရောက် ပေးဆောင်ရခြင်းဖြစ်ပြီး
အခွန် ဆောင်ရမည့်ရက်နှင့် ကျသင့်ငွေ ကို
အခွန်မဆောင်မီ စာအိတ်ဖြင့် ကြို့တင်ပေးပို့
အကြောင်းကြား ထားခြင်းဖြစ်ကြောင်းသိရသည်။
““တစ်နှစ်စာ ဆယ်သိန်းဆောင်ခိုင်းတာ အတင်းမဖြစ်နိုင်ဘူး။
သက်ညှာပေးကြပါဦးလို့ တောင်းပန်ထား လို့
အခုလောလောဆယ် တစ်နှစ်ကို ခြောက်သိန်းခွဲအခွန်ပေးနေရတယ် ဆိုတော့
ဒီမှာကမစားရ၊ မသောက် ရနဲ့ အခွန်ပေးနေရတာကို မနည်း ဘူး”” ဟု
အသေးစားစီးပွားရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
အခွန်ပေးရမည့်နေ့တွင် သွားရောက်မပေးပါက
အကြောင်းအမျိုးမျိုးဖြင့် ဒုက္ခရောက်သွားနိုင် ကြောင်း
ထိုသို့အခွန်ကိစ္စ နှင့် ပတ်သက်၍ လူမသိသူမသိ သေဆုံးသွားခဲ့သူ
အမြောက်အမြားရှိကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
KIA အနေဖြင့် ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးကို အကြောင်းပြ၍
အခကြေးငွေကောက်ခံနေသော်လည်း
ပျက်စီးနေသည့်လမ်းများ၊ ကျောင်းများ
မြင့်တက်လာသည့် မူးယစ်ဆေးဝါးသုံးစွဲမှုများကို ထောက်ပြ၍
ဖားကန့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးနေသေးကြောင်း
ဒေသခံများကဆိုကြသည်။
ထို့အပြင် KIA အနေဖြင့် တပ်သားစုဆောင်းမှုများ
မကြာခဏပြုလုပ်လေ့ရှိပြီး၊ ယခုနောက်ပိုင်းတွင်
ကချင်အမျိုးသား၊ အမျိုးသမီးလူငယ်များကို
တပ်သားသစ်အဖြစ် ပိုမိုစုဆောင်းလာသည့် အတွက်
အချို့သောတိုင်းရင်းသား လူငယ်အမျိုးသား အမျိုးသမီးများမှာ
ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း သိရသည်။
““ဘယ်မိဘက ကိုယ်သားသမီးတွေကို ဆင်းဆင်းရဲရဲနဲ့ စစ်မှုထမ်းစေချင်မလဲ။
ဒါပေမယ့် မရ ဘူး။ စစ်မှုမထမ်းချင်လို့ ထွက်ပြေးရင်း
အသတ်ခံခဲ့ရတာတွေရှိတော့ ထည့်ပေးလိုက်ရတာတွေရှိတယ်။
တစ်ခါတလေ မိဘလိုက်ဆွဲပေမယ့် မရဘူး။
လူ ၃ ယောက် ၄ ယောက် လောက်က ချုပ်ပြီး ကားပေါ်တင် ခေါ်သွားကြတာ။
မိဘတွေက ငိုပြီး ကျန်ခဲ့ရော”” ဟု မရွှေရည်ဝင်းက ဆိုသည်။
KIA တပ်သားသစ် စုဆောင်းမှု ရန်ကိုကြောက်သဖြင့်
ကချင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်သွား ကြသော လူငယ်အများအပြားရှိပြီး
မန္တလေးသို့ အဓိကထွက်ပြေး တိမ်းရှောင်လေ့ရှိကြကြောင်းသိရသည်။
““မန္တလေးကိုအဓိက ထွက်ပြေးကြတယ်။
တရုတ်ဘက်ကိုလည်း ထွက်ပြေးကြတယ်။
ပိုက်ဆံ ရှိပေမယ့် ဆင်းဆင်းရဲရဲနေရမယ့်
ဒီစစ်သားဘ၀ကို သူတို့မှမလိုချင် ကြတာ””ဟုမရွှေရည်ဝင်းကဆိုသည်။
လက်နက်မဲ့နှင့် လက်နက်ရှိ အနေအထားတွင်ဖြစ်သောကြောင့်
ပြန်လည်တုံ့ပြန်ပြောဆိုရန် မ၀ံ့ရဲ ကြသော်လည်း
ဒေသခံတိုင်းရင်းသား အချင်းချင်းကပင်
KIA ကို မလိုလားမှုများရှိနေကြောင်း ဒေသခံများက ပြောကြားသည်။
““လက်နက်ကိုင်ပြီးတော့ အဆင်သင့် အခွန်တောင်း၊ စီးပွားရေး လုပ်နေကြတာ။ ဒီလိုလုပ်နေကြ တာကို ဘယ်လူမျိုးကကျေနပ်နေမလဲ။
အစိုးရအုပ်ချုပ်ရေးကလည်း မထိရောက်တော့
သူတို့လုပ်ချင်တိုင်း လုပ်နေတာကို ထိုင်ကြည့်နေရုံက လွဲလို့
ဘာမှမတတ်နိုင်ဘူး”” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ဖားကန့်ဒေသတွင် လတ်တလောဖြစ်ပွားနေသည့်
ကျောက်မျက်တူးဖော်ရာတွင်အသုံးပြုသော ယာဉ်ယန္တရားများ
လမ်းကြောင်းပေါင်းစုံမှ ဖားကန့်ဒေသသို့ဝင်ရောက်နေမှုမှာလည်း
KIA နှင့် တစ်နည်းတစ်ဖုံ ပတ်သက်မှုရှိကြောင်း
ဒေသခံများ ကပြောကြားသည်။
““သူတို့မလာစေချင်ရင် ကား မပြောနဲ့၊
လူတောင် ဒီဒေသထဲကို ၀င်လာလို့မရဘူး။
နေရာပေါင်းစုံ မှာ အသွင်မျိုးစုံနဲ့ KIA သတင်းပေးတွေရှိနေတယ်။
KIA ဆိုတာ ချိုပါတာမှမဟုတ်တာ။
အကြောင်း ထူးရှိရင် သူတို့ဆီ အကုန်ရောက် တယ်”” ဟု
ဖားကန့်ဒေသခံတစ်ဦး ကဆိုသည်။
ကျောက်မျက်တူးဖော်ရာ တွင်လည်းကောင်း
တရုတ်နိုင်ငံသို့ ကျောက်စိမ်းမှောင်ခိုကူးခြင်းများ တွင်လည်းကောင်း၊
မူးယစ်ဆေးဝါး ပျံ့နှံ့နေမှုများတွင်လည်းကောင်း၊
တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုများ တွင်လည်းကောင်း
KIA အကြီးအကျယ်ပါဝင်ပတ်သက်နေကြောင်း
ဒေသခံများကပြောကြသည်။
ကျောက်စိမ်း ရောင်းဝယ်ခြင်းကို
နေပြည်တော်ကျောက်မျက် ရတနာပြပွဲမှတစ်ဆင့်
လေလံတင် ရောင်းချခြင်းဖြစ်ပြီး
မြစ်ကြီးနားတွင် ကျောက်စိမ်းရောင်းခြင်း၊ ၀ယ် ခြင်းပြု၍မရပေ။
သို့သော်လည်း တရုတ်နယ်စပ်မြို့များတွင်
ကျောက်ဖြတ်စက်ရုံများ၊ ကျောက်အချောထည်ပြုလုပ်သည့်စက်ရုံများ၊
ကျောက်အရည်အသွေးခွဲခြားခြင်း သင်တန်းများစသည့်
ကျောက်စိမ်း နှင့်ဆက်စပ်ပြီး များပြားလှသော လုပ်ငန်းများသည်
ကျောက်စိမ်း မှောင်ခိုကူးနေမှုမြင့်တက်နေခြင်းကို
မီးမောင်းထိုးပြသကဲ့သို့ဖြစ်နေသည်ဟု
ဒေသခံများက ထောက်ပြပြောဆိုကြသည်။
““ဒီဒေသမှာတော့ အစိုးရလည်း မကောင်းဘူး။
စစ်တပ်လည်း မကောင်းဘူး။ KIA လည်း မကောင်း ဘူး။
ပိုက်ဆံရှိတဲ့သူတွေ ဒီဒေသမှာ လုပ်ချင်ရာလုပ်ခွင့်ရှိတယ်။
ပိုက်ဆံ မရှိတဲ့သူက ဘာမှလုပ်လို့မရဘူး။
လုပ်လို့ရတဲ့ ရေမဆေးကျောက် ရှာတာတောင်
ခေါင်းပုံဖြတ်မှုတွေ ရှိနေတယ်””ဟု ဒေသခံတစ်ဦးက ဆိုသည်။
ရှမ်းနီအမျိုးသားအချို့အား
KIA က သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်စဉ်တွင်
KIA ၏ ခေါင်းပုံဖြတ် ခြင်းကို မခံသည့်အတွက်
ဖြစ်ပွားရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
““မင်းတို့ဘက်မှာတော့ ဘယ်လိုကြားမလဲမသိဘူး ။
ကိစ္စရဲ့  သတင်းအမှန်က ခေါင်းပုံဖြတ်တာကို မခံလို့ အသတ်ခံရတာတဲ့။
အဲ့ဒီ ရှမ်းနီနှစ်ယောက်က ကျောက်အောင်တယ်။
ကျပ်သိန်း ၁၆၀၀ တန် တယ်လို့ သိရတယ် ။
ဒါကို KIA အခွန်အနေနဲ့ ကျပ်သိန်း ၈၀၀ တောင်းတာကို မပေးလို့
သေနတ် နဲ့ ပစ်သတ်သွားတာ။ ဒါကသတင်း အမှန်ပဲ။
လုပ်ငန်းလုပ်ကြတာဘယ်လောက်ရှုံးထားမှန်းမသိဘူး။
ရတော့ တစ်ဝက်ကို အခွန်ဆောင်ခိုင်းတယ်ဆိုတာ ဘယ်လိုမှမတရားဘူး။
ဒါကခေါင်းပုံဖြတ်တာပဲ””ဟု
အမည် မဖော်လိုသူဒေသခံတစ်ဦးက ဆိုသည်။
အစိုးရနှင့် KIA တို့ ငြိမ်းချမ်း ရေးဆွေးနွေးမှုအဆင်မပြေရခြင်းမှာ
KIA ၏ (၁)နှစ်အတွင်း များ ပြားလှသော ၀င်ငွေကြောင့်များလားဟု
ဒေသခံများက မေးခွန်းထုတ်နေကြသည်။
ကချင်တိုင်းရင်းသား များတိုးတက်ရေးအတွက်ဟု ဆိုသော်လည်း
များပြားလှသော ဆင်းရဲသား ကချင်တိုင်းရင်းသားများရှိ နေခြင်းကို
ဒေသခံများက ထောက်ပြပြောဆိုကြသည်။
““သတင်းတွေထဲမှာ တွေ့နေရတဲ့ NCA မူဘောင်တွေ
ကျွန်တော်တို့ကနားမလည်ဘူး။
ကျွန်တော်တို့နားလည်တာက ရှင်းရှင်း လေး။
ငြိမ်းချမ်းရေးယူလိုက်ရင် ဒီလောက်များတဲ့ အခွန်တွေ သူတို့ မ ရတော့ဘူး။
အဲ့ဒါကြောင့် ငြိမ်းချမ်း ရေးမယူတာ”” ဟုဒေသခံတစ်ဦး က ပြောသည်။
ရှည်လျားလွန်းသော လက်နက်ကိုင်ပဋိပက္ခအကြား
ဒုက္ခရောက်ခဲ့ကြသော ပြည်သူလူထုမှာ ရေတွက်မရပေ။
ကမ္ဘာ့ တန်းဝင် ရတနာဖြစ်သည့် ကျောက်စိမ်းထွက်ရှိရာ ဖားကန့် ဒေသတွင်
လမ်းများကို ဆိုးရွားစွာပျက်စီးစေသည့် 
ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံပြိုကျမှုများကြောင့်
ကျေးရွာပျောက်ခဲ့ရ သည့် သာဓကများရှိသည်။
အသီးအရွက်များခူးရောင်းပြီး ဘ၀ ကုန်ဆုံးရှုံးခဲ့ရသည့်
ကချင်တိုင်းရင်းသား အများအပြားရှိခဲ့သည်။
အဆိုပါ အခြေအနေဆိုးများကို KIA က ဖြေရှင်းမပေးနိုင်ခဲ့ပေ။
KIA ၏ ၁ နှစ်အတွင်း များပြားလှသော ၀င်ငွေများက
ဒေသခံများအတွက် မည်သို့မျှ အကျိုးဖြစ်ထွန်းမှုမရှိခဲ့ပေ။
ထို့အပြင်ဒေသအတွင်း အခြားတိုင်းရင်းသားများ အပေါ်
အနိုင်ကျင့်ဖိနှိပ်မှုများကြောင့် တိုင်းရင်းသားလူမျိုးများအကြား
သွေးကွဲမှုများရှိနေသည်။
စည်းလုံး ညီညွတ်မှုများလည်းပျက်စီးယိုယွင်း နေသည်။
ထိုသို့သော အခြေအနေ များအတွက်
ဒေသခံများက KIA အပေါ် အမြင်မကြည်လင်မှုများ ဖြစ်ပေါ်နေသည်။
အဆိုးဆုံးအခြေအနေမှာ KIA အနေဖြင့်
အစိုးရနှင့် ငြိမ်းချမ်းရေး တကယ်ရယူလိုမှု ရှိ၊ မရှိကို
ဒေသခံများ က မေးခွန်းထုတ်နေကြသည်။
မင်းနိုင်စိုး(မိုးမိတ်) ၊ အကြီးတန်း သတင်းထောက်
( The Myanmar Review Journal )
=======================
Photo- The Myanmar Review journal သတင်းထောက်များ
ဖားကန့်  ဒေသခံများနှင့် တွေ့ ဆုံမေးမြန်းနေစဉ်
Ye Moe
No comments:
Post a Comment