အစိုးရနှင့် စည်ပင်တို့ ဘောလီဘောပုတ်ခြင်း
==============================
ရွှေတိဂုံစေတီတော်အနီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၊ အမှတ်(၆၈-အေ၊ ၅၃ဘီ)တွင် Basement ၄ထပ် + ၂၇ ထပ်၊ ပေါင်း ၃၁ ထပ် ဆောက်လုပ်မည့် Apartment & Condominium သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အထပ်မြင့်ဇုန်နှင့် ကိုက်ညီမှု
မရှိဘဲ ဆောက်လုပ်ခွင့် ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံအား ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ် (၄/၂၀၁၄) ဆုံးဖြတ်ချက်အပိုဒ် (၅) အရ မူအားဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကလည်း ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြေကွက်အကျယ် ၀ ဒသမ ၉၃၄ ဧကပေါ်တွင် အမြင့်ပေ ၂၉၈ ပေရှိသည့် ၃၁ ထပ်
အဆောက်အအုံကို ဆောက်လုပ်မည်ဖြစ်ပြီး လတ်တလောတွင် အဆိုပါ အဆောက်အအုံ ခွင့်ပြုပေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့အကြား အနည်းငယ် အငြင်းပွားမှုဖြစ်နေကြောင်း သိရသည်။
`ဒီနေ့ ၅-၁-၁၆ ရက်နေ့ စည်ပင် EC အစည်းအဝေးမှာ ဒီကိစ္စပြောဖြစ်တယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရကလည်း စည်ပင်ခွင့်ပြုလို့ သူတို့ခွင့်ပြုပေးခဲ့တာ၊ စည်ပင်ကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခွင့်ပြုလို့ သူတို့ခွင့်ပြုပေးခဲ့တာဆိုပြီး ဘောလီဘော ပုတ်နေကြတယ်။ ဘယ်လိုလာဦးမလဲတော့ မသိသေးဘူး´ ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်
အမှတ်(၇)၊ ဦးခင်လှိုင်(ဇောတိက)က ဆိုသည်။
၁၉၉၀ ပြည့်နှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၇(ခ)နှင့် ရန်ကုန်မြို့မြူနီစပယ် အက်ဥပဒေပုဒ်မ ၁၇၀၊ ပုဒ်မခွဲ(၁)၊ အပိုဒ်(က)အရ ကိုယ်ပိုင်ခြံများအတွင်း ဆောက်လုပ်မည့် မိသားစုပိုင် နေအိမ်များနှင့် အဆောက်အအုံသစ်များ ဆောက်လုပ်ပါက အဆောက်အအုံများသည်
မိမိပိုင်နယ်နိမိတ်မျဉ်းမှ အဆောက်အအုံ၏ ရှေ့မျက်နှာစာနံရံအထိ အသားတင်အကွာအဝေး အနည်းဆုံး ၁၂ ပေချန်၍ ဆောက်လုပ်ရမည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။
ထို့အပြင် အဆောက်အအုံများသည် ဘေးတစ်ဖက်တစ်ချက်တွင် မိမိပိုင်နယ်နိမိတ်မျဉ်းများမှ အဆောက်အအုံ၏ တံစက်မြိတ်အစွန်းအထိ အကွာအဝေး အနည်းဆုံး ၃ ပေ ခန့်ချန်၍ ဆောက်လုပ်ရမည်ဖြစ်ပြီး အနောက်ဘက်တွင် မိမိပိုင်နယ်နိမိတ်မျဉ်းများမှ အဆောက်အအုံ အနောက်ဘက်နံရံအထိ အသားတင် အကွာအဝေး အနည်းဆုံး ၆ ပေချန်၍ ဆောက်လုပ်ရမည်ဟုလည်း အမိန့်ကြော်ငြာက ထုတ်ပြန်ထားသည်။
အဆိုပါ အမိန့်ကြော်ငြာချက်တွင်ပင် ရွှေတိဂုံစေတီတော်နှင့် ရွှေတိဂုံစေတီတော်
ပရိဂုဏ်ဝန်းကျင်အနီးတွင် စေတီတော်အား လွှမ်းမိုးထိခိုက်နိုင်သည့် အဆောက်အအုံများအား ထိန်းချုပ်ရန် ရည်ရွယ်၍ ရွှေတိဂုံစေတီတော်၏ အရှေ့ဘက်တွင် အလံပြဘုရားလမ်း၊ တိရစ္ဆာန်ဥယျာဉ်လမ်း၊ ကန်လမ်း၊ စက်ရုံလမ်း၊ နတ်မောက်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ မြောက်ဘက်တွင် ဓမ္မစေတီလမ်း၊ အနောက်ဘက်တီင် ပြည်လမ်း၊ တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း၊ မြို့ပတ်ရထားလမ်း၊ ရွှေတိဂုံဘုရားလမ်း ဆုံရာမှ ဦးဖိုးလှိုင်လမ်းများ၏ ၀ဲ/ယာ၌ အဆောက်အအုံ ဆောက်လုပ်သည့်အခါ ၆ ထပ်ထက် မပိုရန် နယ်နိမိတ် သတ်မှတ်ထားသည်။ အဆိုပါ နေရာများမှအပ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကျန်နယ်နိမိတ်များတွင် အဆောက်အအုံများ ဆောက်လုပ်ရာ၌ ၁၂ ထပ်ထက် မပိုစေဘဲ အဆောက်အအုံအမြင့် ၁၂ ထပ်ထက် ပိုသော အဆောက်အအုံများ ဆောက်လုပ်လိုပါက နိုင်ငံတော်မှ သီးခြားခွင့်ပြုချက် ယူရမည်ဖြစ်သည်။
`အဲ့ဒါ ကမ္ဘာအေးဘုရားလမ်းပေါ်မှာလေ၊ လမ်းနယ်နိမိတ် သတ်မှတ်ချက်တွေအရ ဒီလောက်အမြင့်ကို ခွင့်ပြုလို့ မရဘူး။ သူတို့အလွန်ဆုံး ဆောက်လို့ရရင် အထပ် ၂၀ ပဲ´ဟု ဦးခင်လှိုင်(ဇောတိက)က ဆိုသည်။
ထို့အပြင် အဆိုပါ အဆောက်အအုံ တည်ဆောက်မည့်နေရာနှင့် ပေ ၁၀၀ အကွာတွင် ရန်ကုန်မြို့ကို နှစ်ပေါင်းများစွာ ရေပေးဝေခဲ့သည့် ရေဂါလံ သန်း ၂၀ ဆံ့ ကုက္ကိုင်းရေလှောင်ကန် တည်ရှိနေပြီး အဆောက်အအုံ Basement မှာ လေးထပ်ဖြစ်၍ လေးထပ်စာ မြေများတူးထုတ်ရမည်ဖြစ်သည့်အတွက် အဆိုပါအနေအထားသည် ကုက္ကိုင်းရေလှောင်ကန်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ဦးခင်လှိုင်(ဇောတိက)က ပြောကြားသည်။
အဆိုပါ အဆောက်အအုံ၏ အမြင့်သည် ၄၁၂ ပေရှိပြီး ရွှေတိဂုံစေတီတော်၏ ဥာဏ်တော်အမြင့်သည် ၄၁၇ ပေရှိသည့်အတွက် အဆိုပါ အဆောက်အအုံ၏ တကယ်တမ်း ဆောက်လုပ်သင့်သော အမြင့်ပေသည် ပေ ၁၉၀ ခန့်သာ ဆောက်လုပ်သင့်ကြောင်း၊ ထိုသို့ မဟုတ်ပါက အဝေးမှ ကြည့်သည့်အခါ အဆောက်အအုံသည် ရွှေတိဂုံစေတီတော်နှင့် အမြင့်ချဉ်း ယှဉ်နေမည်ဖြစ်ကြောင်း ဦးခင်လှိုင်(ဇောတိက)က ပြောကြားသည်။
အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းဆိုင်ရာ စံချိန်စံညွှန်း စစ်ဆေးရေးကော်မတီ (HIC)နှင့် အထပ်အမြင့် ပညာရှင်များအဖွဲ့ (CQHP) တို့က အဆိုပါ အဆောက်အအုံအား အထပ်လျှော့ချရန် အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း အဆောက်အအုံပိုင်ရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အကြောင်းပြ၍ အထပ်လျှော့ချခြင်း မရှိကြောင်း သိရသည်။
ဦးခင်လှိုင်(ဇောတိက) အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်ဖြစ်လာသည့်အခါတွင် အဆိုပါကိစ္စအား လက်ခံခြင်း မရှိသည့်အတွက် လွန်ခဲ့သည့် သုံးလ မြေကြီးတူးစဉ်က အဆောက်အအုံပိုင်ရှင်ကို ခေါ်ယူတွေ့ဆုံပြောကြားခဲ့သော်လည်း ဆက်လက်တည်ဆောက်နေကြောင်း ဦးခင်လှိုင်(ဇောတိက)က ပြောကြားခဲ့သည်။
အဆိုပါ အဆောက်အအုံကို ရွှေနန်းတော် စိန်ရွှေရတနာဆိုင်က ပိုင်ဆိုင်ခြင်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှိသော အဆောက်အအုံဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း အလားတူ ကိစ္စရပ်များ အများအပြားရှိနေပြီး အားလုံးဝိုင်းဝန်းကန့်ကွက်ခဲ့သည့်အတွက် စီမံကိန်း ပျက်သွားသည့် ရွှေတိဂုံစေတီတော်အနီး တည်ဆောက်မည့် ဒဂုံစီးတီးစီမံကိန်းကိစ္စမှာ ပို၍ ထင်ရှားခဲ့သည်။
ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၇၇ တွင် တည်ဆောက်နေသည့် Basement ၃ ထပ် + ၂၈ ထပ်ရှိ 77 Condominium အဆောက်အအုံသည်လည်း ကန့်ကွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ ယခု ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ အဆောက်အအုံကိစ္စကို အထပ်လျှော့ချနိုင်ရေး တိုင်းဒေသကြီးအစိုးရနှင့် နိုင်ငံတော် သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း ဦးခင်လှိုင်(ဇောတိက)က ပြောကြားသည်။
ထို့အပြင် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းတွင် ခွင့်ပြုချက်မရှိဘဲ ၁၂ ထပ်ခွဲ အဆောက်အအုံကို လွန်ခဲ့သည့် ၈ လခန့်ကတည်းက ဆောက်လုပ်နေပြီး အဆိုပါကိစ္စကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဆိုင်ရာ ဌာနများက မသိကျိုးကျွန်ပြုနေကြောင်း ဦးခင်လှိုင်(ဇောတိက)က ပြောကြားခဲ့သည်။
`အဲဒါကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ သက်ဆိုင်ရာဌာနတွေက နှာစေးနေတာ၊ အဲ့ဒါ ဗဟန်းမြို့နယ်စည်ပင်သာယာရေးကော်မတီက သိလို့ ဒဏ်ရိုက်တာ၊ ၈ လလောက် ဒဏ်ရိုက်ခံပြီး ဆက်ဆောက်နေတာ´ဟု ဦးခင်လှိုင်(ဇောတိက)က ဆိုသည်။
ရန်ကုန်မြို့တွင် တည်ဆောက်နေသော အဆောက်အအုံများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်မပြုဘဲ ဆောက်လုပ်နေသော အဆောက်အအုံများ၊ မူဝါဒအရ ခွင့်ပြုရန် မသင့်သော်လည်း စည်ပင်က ဆောက်လုပ်ခွင့် ချပေးခဲ့ခြင်းများ စသဖြင့် ကိစ္စရပ် များစွာရှိနေကြောင်း ဦးခင်လှိုင်(ဇောတိက)က ပြောကြားခဲ့သည်။
`ရန်ကုန်မြို့ကြီး တစ်ခုလုံးကို ဖျက်ဆီးနေတာ အင်ဂျင်နီယာ အဆောက်အအုံဌာနပဲ။ ညှိနှိုင်းဌာန၊ အဲဒါဖျက်ဆီးတဲ့ဌာနပဲ။ သူတို့မှာ တာဝန်ရှိတယ်။ ဖြစ်ရင် သူတို့ ရှင်းရမှာ။ ရှင်းကို ရှင်းရမှာ ဒီကိစ္စတွေက ခွင့်မပြုသင့်မှန်း သိလျက်နဲ့ ပေးခဲ့တာ´ဟု ဦးခင်လှိုင်(ဇောတိက)က ဆိုသည်။
ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်တွင် ဆောက်လုပ်နေသည့် အဆောက်အအုံခွင့်ပြုပေးခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့အကြား အငြင်းပွားမှုဖြစ်နေပြီး အဆင့်အဆင့် လွှဲချမှုများ ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေပုဒ်မ-၈၀တွင် `ဤဥပဒေပါ လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောက်ရွက်သော စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ကော်မတီဝင်များ၊ ဤဥပဒေအရ စည်ပင်သာယာရေးလုပ်ငန်းများ အလို့ငှာ ခန့်အပ်ထားသည့် သို့မဟုတ် တာဝန်ပေးအပ်ထားသည့် အရာထမ်း၊ အမှုထမ်းများအပေါ် တရားမ ကြောင်းအရသော်လည်းကောင်း၊ ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားစွဲဆိုခြင်း မပြုရ´ဟု သတ်မှတ်ပြဋ္ဌာန်းထားသည်။
စည်ပင်လုပ်သမျှ တရားစွဲမရသမျှ ကာလပတ်လုံး အဆောက်အအုံများနှင့် ပတ်သက်၍ အဆင့်ဆင့် လွှဲချမှုများ၊ နှာစေးနေမှုများ ကြုံတွေ့နေရဦးမည်ဖြစ်သည်။ အဆိုပါ ဥပဒေကို လက်ရှိ အစိုးရလက်ထက်တွင် ပြင်ဆင်ရန် မရှိသကဲ့သို့ နောက်အစိုးရလက်ထက်တွင်လည်း ပြင်ဆင်ရန် ရှိ၊ မရှိ မသိရသေးကြောင်း ဦးခင်လှိုင်(ဇောတိက)က ပြောကြားခဲ့သည်။ လုပ်ထုံးလုပ်နည်းဥပဒေကို ဖောက်ဖျက်မှုအတွက် အရေးယူခွင့် မရှိခြင်းမှာ သဘာဝမကျသော ကိစ္စရပ်ဖြစ်ပြီး မှားယွင်းလုပ်ဆောင်မိသော သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ မှားယွင်းလုပ်ဆောင်နေသော ကိစ္စရပ်များအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို မေးခွန်းထုတ်ရမည်ဖြစ်သည်။
Myanmar Review Journal
No comments:
Post a Comment