Wednesday, January 6, 2016

ယခင်နှစ်မော်တော်ယာဉ်မူဝါဒများအတိုင်း တင်သွင်းခွင့်ပြုရန် သမ္မတခွင့်ပြု

ယခင်နှစ်မော်တော်ယာဉ်မူဝါဒများအတိုင်း တင်သွင်းခွင့်ပြုရန် သမ္မတခွင့်ပြု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခင်နှစ်များကချမှတ်ခဲ့သည့် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒများအတိုင်း ဆက်လက်ကျင့်သုံးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါခွင့်ပြုချက်သည် ဇန်နဝါရီလ ၅  ရက်နေ့က မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီနှင့် မော်တော်ယာဉ်ငန်းရှင်များ၏ ဆွေးနွေးချက်များကို သမ္မတက ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများက လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ထို့ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏မူဝါဒအရ လူစီးမော်တော်ယာဉ်များတွင် Brand New မော်တော်ယာဉ်များကို တစ်နှစ်တိုး၍ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ် မော်တော်ယာဉ်များကို ဘယ်မောင်းမော်တော်ယာဉ်များ တင်သွင်းရမည်ဖြစ်ပြီး ၂၀၁၁ မှ ၂၀၁၄ အထိကို Free Permit ဖြင့် စလစ်ကပ်ရန်မလိုဘဲ ညာမောင်းမော်တော်ယာဉ်များတင်သွင်းခွင့်ရရှိတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် အငှားယာဉ်အဖြစ် လျှောက်ထားမည့်သူများစလစ်ကပ်ဖြင့် တင်သွင်းမည်ဆိုပါက ၂၀၀၆ မှ ၂၀၁၀ မော်ဒယ်လ်အထိ တင်သွင်းခွင့်ရရှိမည်ဖြစ်ပြီး တိုင်းဒေသကြီးထောက်ခံချက်ဖြင့် တင်သွင်းမည်ဆိုပါက ၂၀၁၁ မှ ၂၀၁၄ ခုနှစ်မော်ဒယ်လ်အထိ တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှသိရသည်။

ယင်းခွင့်ပြုချက်များအပြင် ၂၀၁၅ ခုနှစ်အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကခွင့်ပြုခဲ့သည့် ပါမစ်များအားလုံးသည်လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံ၌ မော်တော်ယာဉ်မှတ်ပုံတင်ခွင့်ရရှိမည်ဖြစ်သည်။

No comments: