မန္တလေး ဇန်နဝါရီ ၇
မန္တလေးမြို့သို့ နိုင်ငံတကာခရီးသွားဧည့်သည်များ ဝင်ရောက်မှုကို ၂ဝ၁၅
ခုနှစ်အတွက် သုံးသိန်းခန့်မှန်းထားသော်လည်း ၂ဝ၁၅ ခုနှစ်
နှစ်ကုန်စာရင်းများအရ လျာထားချက်ထက် ပိုမိုဝင်ရောက်လာကြောင်း
မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်မှု
ဦးစီးဌာနစာရင်းများအရ သိရသည်။
ယမန်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စာရင်းများအရ နိုင်ငံခြားသားဧည့်သည်
၃ဝ၆၄၃၂ ဦး ဝင်ရောက်ခဲ့သဖြင့် လျာထားချက်ထက်ပိုမိုသည့်အပြင် ၂ဝ၁၄ ခုနှစ်
ထက် ၂၆ ရာခိုင်နှုန်းတိုးတက်ဝင်ရောက်လာကြောင်း ၎င်းဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
''၂ဝ၁၄ ခုနှစ် တစ်နှစ်လုံးမှာ၂၄၂၅၆၆ ဦး ဝင်ရောက် ထားတဲ့အတွက်
ဒီနှစ်စာရင်းနဲ့နှိုင်းယှဉ်ရင် ၂၆ ရာခိုင်နှုန်း တိုးတက်လာတယ်လို့
ပြောလို့ရပါတယ်။ ယခု ၂ဝ၁၆ ခုနှစ်အတွက် လျာထားဖို့ဆိုရင် လက်ရှိ
နိုင်ငံရေးအခင်း အကျင်းတွေ၊ နိုင်ငံတကာခရီးသွားလုပ်ငန်း အလားအလာတွေ၊
အာဆီယံနဲ့ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေပေါ် မူတည်ပြီး ခန့်မှန်းတွက်ချက်ရမှာပါ။
ဒါ့အပြင် နိုင်ငံတကာလေကြောင်းလိုင်းတွေလည်း ထပ်တိုးပြီး
ဆင်းသက်နိုင်ဖို့နဲ့ လက်ရှိလေကြောင်းလိုင်းတွေကလည်း
အခေါက်ရေပိုမိုပျံသန်းနိုင်မှုအပေါ်မှာ မူတည်နေပါတယ်''ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့သို့ ၂ဝ၁၅ ခုနှစ်တွင် ဝင်ရောက်ခဲ့ကြသော
နိုင်ငံတကာခရီးသွားဧည့်သည်များအနက် တရုတ်၊ ထိုင်း၊ ပြင်သစ်၊ ဂျာမနီနှင့်
အမေရိကန်နိုင်ငံတို့မှ အများဆုံး လာရောက်လျက်ရှိပြီး မန္တလေးမြို့ရှိ
တံတားဦးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်း
ရှစ်လိုင်းနှင့် နိုင်ငံတကာမှတိုက်ရိုက်ဆင်းသက်သည့် လေကြောင်းလိုင်း
ငါးလိုင်းရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
No comments:
Post a Comment