Friday, January 8, 2016

ရန်ကုန်မြို့၌ တည်ဆောက်လျက်ရှိသည့် စည်းကမ်းမကိုက်ညီသော အထပ်မြင့်အဆောက်အအုံများကို ရပ်ဆိုင်းထားရန် အရေးကြီးအဆိုတင်သွင်း



The Mirror Daily's photo.


နေပြည်တော် ဇန်နဝါရီ ၇
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ အရေးကြီးအဆိုတစ်ရပ်တင်သွင်းခြင်း၊ မေးခွန်း(၄)ခုမေးမြန်းဖြေ ကြားခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့သည့် ဥပဒေကြမ်းများအား လွှတ်တော်သို့အသိပေးတင်ပြခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်း၊ အမျိုးသားလွှတ်တော်ကပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းများအား လက်ခံရရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြခြင်းနှင့် ဥပဒေကြမ်းတစ်ခုအား လွှတ်တော်၏အဆုံး အဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်သည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့်က တည်ဆဲဥပဒေများ၊ စည်ပင်သာယာရေးကော်မတီ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်းမရှိဘဲ ရန်ကုန်မြို့၌ တည်ဆောက်လျက်ရှိသည့် အထပ်မြင့်အဆောက်အအုံများကို ဥပဒေများ၊စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရန်ဆောင်ရွက်ပြီးသည်အထိ ရပ်ဆိုင်းထားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအရေးကြီးအဆိုတင်သွင်းရာ မော်လမြိုင် မဲဆန္ဒနယ်မှ ဒေါ်ခင်ဌေးအောင်က ထောက်ခံသည်။
ပခုက္ကူမဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ပခုက္ကူမြို့နယ်အဆုံး ယောချောင်းဘေးရှိ ကျေးရွာများအတွက် အရှေ့ကမ်းဖြူအခြေခံပညာအလယ်တန်းကျောင်းခွဲအား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးနိုင်ရေးမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း က သတ်မှတ်မူဘောင်များနှင့် ကိုက်ညီမှုမရှိခြင်း၊ ၂ဝ၁၅ -၂ဝ၁၆ ခုနှစ်ပညာသင်နှစ်အတွက် ဖွဲ့စည်းပုံခွင့်ပြုချက်ရရှိခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်းအရေအတွက် အားလုံးအား တိုးမြှင့်ပေးခဲ့ပြီးဖြစ်ခြင်းတို့ကြောင့် ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ်တွင် အဆိုပါကျောင်းအား အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားသည်။
ဘီးလင်းမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးအောင်၏ ဘီးလင်းမြို့နယ် ကဇိုင်းကျေးရွာရှိ ကဇိုင်းဆည်မှ ရေများအား မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေသွယ်ယူသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေး နိုင်ခြင်းရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က ဆည်မြောင်းဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေပေးဝေမှုကိုသာ အဓိကဆောင်ရွက်လျက်ရှိပြီး ကဇိုင်းတမံမှ ဘီးလင်းမြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေဖြန့်ဝေခြင်းလုပ်ငန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့(သို့မဟုတ်) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့၏ အစီအစဉ်ဖြင့် ဆောင်ရွက်သွားရမည့်လုပ်ငန်းဖြစ်၍ အဆိုပါဆည်မှရေများအား ရေရှားသည့် မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံး ရေသွယ်ယူနိုင်ရန် သက်ဆိုင်ရာဌာနများမှ တင်ပြညှိနှိုင်းလာပါက ဆည်မြောင်း ဦးစီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းသည်။
တမူးမဲဆန္ဒနယ်မှ ဦးခင်မောင်ရွှေ၏ တမူးခရိုင်အတွင်းရှိ ရေကြီးရေလျှံမှုကြောင့် တောင်သူလယ်သမားများစိုက်ပျိုးထားသည့်လယ်ယာများ ပျက်စီးခဲ့ရသဖြင့် စိုက်ပျိုးစရိတ်ချေးငွေပြန်ဆပ်ရန်အခက်အခဲရှိနေခြင်းနှင့် ရေတိုက်စားသွားသည့် လယ်ယာမြေများအစား လုပ်ကိုင်စားသောက်ရန် မြေလွတ်မြေရိုင်းများကို လျှောက်ထားခွင့်ပေးပြီး အမြန်ဆုံးချထားပေးရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်ဇော်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နည်းဥပဒေ အခန်း(၆)၊ နည်းဥပဒေ (၃ဝ) အရ ရက်ရွှေ့ဆိုင်းပေးဆပ်ခွင့်ပြုရန် မြို့နယ်ဘဏ်ခွဲမန်နေဂျာသို့ လျှောက်ထားတင်ပြနိုင်ပြီး ယနေ့ထိ တမူးခရိုင်မှ ရေကြီးရေလျှံမှုကြောင့်ပျက်စီးခဲ့ရသည့်လယ်မြေများအတွက် ၂ဝ၁၅ ခုနှစ် မိုးရာသီချေးငွေအား ရက်ရွှေ့ဆိုင်း ပေးဆပ်ခွင့်တင်ပြလာခြင်းမရှိသေးပါကြောင်း၊ ရေတိုက်စားသဖြင့် လယ်ယာမြေများ ပျက်စီးမှုရှိခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ လယ်ယာမြေဖော်ထုတ်လုပ်ကိုင် လိုသူများအနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့်မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့သို့ တင်ပြလျှောက်ထားရန်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့သည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေကြမ်းနှင့် နည်းပညာနှင့် သက်မွေးပညာရေး ဥပဒေကြမ်းတို့အား လွှတ်တော်သို့အသိပေးတင်ပြပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးစိုးရယ်နှင့် ဦးသိန်းထွန်းဦးတို့ က အစီရင်ခံစာဖတ်ကြားတင်သွင်းရာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၌ သာဆက်လက်ဆွေးနွေးရန်အတွက် အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ရန် လွှတ်တော်က အတည်ပြုသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိပြန်လည်ပေးပို့ သည့် ''ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း''၊ ''အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း''နှင့် ''တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း''များအား လက်ခံရရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြုပေးပို့သည့် ''မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း''နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောတူသင့်သည့် အချက် ၃၁ ချက်နှင့် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၈၉ ချက်တို့အား ဥပဒေကြမ်းကော်မတီဝင် ဦးစတီဖန်က တင်သွင်းရာ လွှတ်တော်က အတည်ပြုသည်။
ဆက်လက်၍ မြန်မာ့ကျောက်မျက်ရတနာဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း တစ်ရပ်လုံးအားပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်းအတည်ပြုကြောင်းနှင့် ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂ဝဝ အရဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့် တင်သွင်းသည့် အရေးကြီးအဆိုအား နေပြည်တော်ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးမင်းသူ နှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှ ဦးတင်မောင်ဦးတို့က ထောက်ခံဆွေးနွေးကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တိုက်ရိုက်ပတ်သက်ခြင်းမရှိသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်နေသည့်အဆောက်အအုံများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းဥပဒေများအတိုင်း လိုက်လျောညီထွေစွာဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာမြို့တော် စည်ပင်သာယာရေးကော်မတီများက သတ်မှတ်စည်းမျဉ်းစည်းကမ်းများ ချမှတ်၍ ကြီးကြပ်ခွင့်ပြုလျက်ရှိပါကြောင်း၊ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါ အဖွဲ့ကို လွတ်လပ်သည့်အဖွဲ့အစည်းတစ်ရပ်အနေဖြင့်ဖွဲ့စည်းထားပြီး ၁၂ ထပ်ခွဲနှင့် အထက်အဆင့်ရှိသည့်အဆောက်အအုံများကို ကြီးကြပ်စစ်ဆေးပါကြောင်း၊ နိုင်ငံတစ်ဝန်းဆောက်လုပ်သည့်အဆောက်အအုံများသည်ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းများကို အခြေခံဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း ရှင်းလင်းသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင် က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တစ်နှစ်ပတ်လုံးတက်ရောက်သည့် လူနာအရေ အတွက်မှာ ယခင်က ၂၅ဝဝဝ ရှိခဲ့ရာ ၂ဝ၁၄ ခုနှစ်တွင် ၆၂၅ဝဝ ခန့် တိုးတက်လာပါကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာဆောင်ထပ်မံဆောက်လုပ်ရန် လိုအပ်မည်ဟုသုံးသပ်မိပါကြောင်း၊ ဆွေးနွေးချက်များအရ ဆောက်လုပ်မှုကို ဝန်ကြီးဌာနအနေဖြင့် ရပ်ဆိုင်းထားမည်ဖြစ်ပါကြောင်း ရှင်းလင်းသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာ မေဝင်းမြင့် တင်သွင်းသည့် အရေးကြီးအဆိုအား လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ (သတင်းစဉ်)

No comments: