Thursday, January 14, 2016

ရေနံတစ်စည် ဒေါ်လာ ၃၀ အောက်သို့ ကျဆင်း

အမေရိကန်တွင် ရေနံလက်ကျန် မြင့်မားနေမှုနှင့် ကမ္ဘာ့ရေနံ ရောင်းလိုအား ပိုလျှံနေမှုတို့ကြောင့် အာရှတွင် ဇန်န၀ါရီ ၁၄ ရက်က ရေနံတစ်စည် ဒေါ်လာ ၃၀ အောက်သို့ ကျဆင်းသွားခဲ့သည်။ ဇန်န၀ါရီ ၈ ရက်ထိ ရက်သတ္တပတ်အတွင်း အမေရိကန်တွင် ရေနံလက်ကျန် စည် ၂၀၀၀၀၀ ထိ မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာ ထွက်ပေါ်ခဲ့ပြီးနောက် ရေနံဈေးနှုန်း ထိုးကျခဲ့ခြင်း ဖြစ်သည်။
အမေရိကန်တွင် ရေနံလက်ကျန် စည် ၈ ဒသမ ၂ သန်းထိ ရှိကြောင်း စွမ်းအင်စီမံခန့်ခွဲရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။ကမ္ဘာတွင် ရေနံအဓိက သုံးစွဲသည့် အမေရိကန်၌  သုံးစွဲမှုနှေးကွေးနေကြောင်း ယင်းအစီရင်ခံစာက ထင်ဟပ်စေခဲ့သည်။ ယခုနှစ်အတွင်း ၌ ကမ္ဘာ့ရေနံ ၀ယ်လိုအားသည် တစ်ရက်လျှင် စည် ၉၅ ဒသမ ၁၉ သန်းရှိမည်ဟု အမေရိကန် စွမ်းအင် စီမံခန့်ခွဲရေးအဖွဲ့က ခန့်မှန်းခဲ့သည်။
အမေရိကန်ရေနံဈေးနှုန်း အညွှန်းကိန်း WTI သည် ဖေဖော်ဝါရီ ကြိုပေးဈေးကွက်အတွက် ၃၀ ဒသမ ၆ ဒေါ်လာရှိခဲ့ပြီး  ဥရောပရေနံဈေးနှုန်း အညွှန်းကိန်း Bremt သည် ၂၉ ဒသမ ၉ ဒေါ်လာသို့ ကျဆင်းခဲ့သည်။ ရေနံရောင်းလိုအားက ဆက်လက်ပိုလျှံနေမှုကြောင့် ရေနံဈေးနှုန်းသည် ယခုနှစ်အတွင်း၌ ဦးမော့ဖွယ်မရှိကြောင်း စင်ကာပူရှိ ဈေးကွက် အတိုင်ပင်ခံလုပ်ငန်း IG Markets မှ ဘားနက်အော်က ပြောကြားခဲ့သည်။

No comments: