Thursday, January 14, 2016

သိုင်းကြ၀န်းကြစို့

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ရပ်ကွက်ခေါင်းဆောင် ဦးလေးကြီးက ဒီညလူစုကြစို့ ဆော်သြလိုက်ပါတယ်။ ညက ဒေါ်အေးတစ်ယောက် သေဆုံးပြီးဖြစ်ကြောင်း  အားလုံး သိုင်းကြ၀န်းကြရမှာ ဖြစ်ကြောင်း ဦးလေးကြီးက ပြောကြားပါတယ်။ ဒါမျိုးက ရပ်ကွက်ဓလေ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ သိုင်းကြ၀န်းကြဆိုတာကတော့ ကူညီကြတာ လုပ်အားပေးရတာထက် ပိုပါတယ်ဗျာ။ လိုသမျှ အားလုံး ဆောင်ရွက်ရမှာဖြစ်ပြီး၊ ပေးလို့ကျွေးလို့ လုပ်ရတာ လုံးလုံးမဟုတ်ဘူး။ ဒေါ်အေးမှာက မြေးလူမမည် အငယ်နှစ်ယောက် ကျန်ခဲ့တော့ နာရေးကိစ္စ အားလုံးအပြင် ကျန်ခဲ့တဲ့ သူ့မြေးလေးတွေ အတွက်ပါ ဆောင်ရွက်ကြရတော့မှာပါ။ ကုန်ကျတာတွေလည်း မစဉ်းစားရပါဘူး။ ဟိုလူဒီလူတွေက စိုက်လိုက် အလှူခံ လိုအပ်သမျှ အားလုံး လုပ်ပေးကြရမယ့်ကိစ္စပါပဲလေ။ သာရေးနာရေးတိုင်း ဒီလိုတော့မဟုတ်ပါဘူး။ အများအပြားကတော့ လုပ်ချင်တာ လုပ်လိုသမျှ ကူညီ ဆောင်ရွက်ပေးကြတာပါ။ ခုလိုကိစ္စမျိုးမှာတော့ အားလုံးသိုင်းလို့ဝန်းလို့ လုပ်ကြရမှာပါလေ။
၂၀၁၅ နိုဝင်ဘာ ၈ ရက်မှာတော့ ပြည်သူ့တော်လှန်ရေးအောင်ပွဲ ဆင်နွှဲလိုက်ပြီ မဟုတ်လား “၂၀၁၆” ခု မတ်လကုန်မှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က အပြည့်အ၀အစိုး ရဖွဲ့ရတော့မယ်လေ။ နှစ်ပေါင်း “၆၀” ကျော် ဒုက္ခပယ်လယ် ဝေခဲ့ကြတာမဟုတ်လား။ တိုင်းပြည်တစ်ပြည်လုံး ဖွတ်တကာဖွတ် ကျောပေါ် ပြာပုံကြီးနဲ့ဗျာ။ ပြောလို့ကတော့ မဆုံးပေါင် တောသုံးထောင်ပါပဲ။ ချုံလိုက်ရရင်တော့ မလွယ်ကြောပါ။ တောင်ပြုန်းက မင်းနှစ်ပါး စီးတော်ကျားကြီးနဲ့။ မယ်ဥကို မကျေနပ်တော့ ကိုက်သတ်စေခဲ့တယ်လေဗျာ။ ခုလည်း “၂၀၀၈” အခြေခံဥပဒေကြီးနဲ့ ကျားကြီးနဲ့ပေါ့ဗျာ။ ပြည်သူတွေ တော်လှန်ရေး အောင်ခဲ့ကြပေမယ့် အများကြီး အများကြီး လုပ်ကြရမှာ။ ကြည့်လေဗျာ ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူး ဆရာတို့ အားလုံးယူထားပြီးသား ဌာနတွေအားလုံး အကြီးအကဲ။ ရဲ၊ မီးသတ်မကျန် ဌာနတိုင်း ပညာရေး အပါအ၀င် ရာခိုင်နှုန်း အတော်များများ အရာရှိတွေ ထည့်ပြီးသား။ ၀န်ကြီးဌာန အားလုံးလောက် ထိပ်ဆုံး အုပ်ချုပ်ရေးပိုင်း သိမ်းထားပြီး ခု “၂၀၀၆” ရွေးကောက်ပွဲနိုင်ရင် ၀န်ကြီးချုပ်တွေလုပ်စို့ ဆရာကြီး “၁၃” ဦး အပိုင်ကိုင်ထားတဲ့ ပါတီထည့် အရွေးခံဖို့ သွင်းခဲ့တယ်မဟုတ်လား။ အကယ်တန္တု သူတို့များနိုင်ခဲ့ရင် အလိုလို ဆရာကြီးတို့ အုပ်ချုပ်မယ်လေ။ ဘယ်အာဏာသိမ်း ဘာသိမ်း မလိုတော့ဘူးလေ။ ကဲ ဘာတတ်နိုင်ကြဦးမလဲ ဘယ်နိုင်ငံတွေကလည်း ဘာပြောကြဦးမလဲ။ တကယ် အစစ်အမှန် ပြည်သူတွေနွှဲခဲ့တဲ့ တော်လှန်ရေးအောင်ပွဲ။ ဟုတ်တယ်ဟုတ်။ ဒါပြည်သူတွေရဲ့ တကယ့်အောင်ပွဲစစ်စစ်။
တိုင်းပြည်ကံကြမ္မာကတော့ “၁၉၆၀” ကလို့ဆိုရမှာပါ။ အာဏာကို ဇွတ်တောင်းခဲ့ပြီး အရသာတွေ့ ရစ်မူးကြတော့တာ မဟုတ်လား။ “၁၉၆၂” ခုမှာတော့ ရွေးကောက်ပွဲတော့ လုပ်ပေးပါရဲ့ ပြီးတော့ အာဏာပြန်သိမ်းတော့တာပါပဲ။ အဲဒီအချိန်ထဲမှာကိုက ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို မကြိုက်ခဲ့ကြတာ။ “၁၉၆၂” မှာ အာဏာရှင် မလုပ်မယ့် ခေါင်းဆောင် ဦးနုကိုပဲ မဲပုံအောပေးခဲ့ကြတာကလား။ ဒီအာဏာရှင်တွေရဲ့လက်အောက် နှစ်ပေါင်း “၆၀” ကျော်ကြာအပြီးမှာတော့ တိုင်းပြည်ကြီး ဘာဖြစ်သွားခဲ့ပြီလဲ အားလုံးသိပြီးကြပြီလေ။ တိုင်းပြည်တစ်ပြည်လုံး မွဲပြာကျ ဆရာကြီးတို့ လူတန်းစားအားလုံး မီလျှံနာကြီး တွေဖြစ်ကြတော့တာဟာ တိုင်းပြည်အတွက် ခေါင်းဆောင်ကြတယ်ဆိုရမှာ အခက်ကြီးခက်ပါရဲက။ အတ္တကြီး သီလမဲ့တဲ့ ဒီလိုခေါင်းဆောင်များ ဒီပြည်သူက အအတွေမဟုတ်ဘူး။ ကြောက်လို့သာ ငြိမ်နေကြတာပါ။ “၁၉၉၀” ခု ရွေးကောက်ပွဲကြည့်ပါဦး။ အပိုင်တွက်ပြီး လုပ်ပေးခဲ့ပေမယ့် ပြည်သူတွေက သိတယ်လေ၊ အပြတ်ဘဲ လုပ်ချလိုက်ပြန်ပြီရော။ ဗိုလ်ချုပ်အောင်ဆန်း သမီးမလို့ဆိုရမဲ့သူက အဲဒီအချိန်မှာ အချုပ်ထဲမှာ မဟုတ်လားဗျာ။ ဗိုလ်ချုပ်မကြည်ညိုတဲ့သူ သူတို့ကလွဲပြီး မရှိပါဘူး။ ခုကြည့်ပေါ့လေ “၂၀၁၅” ရွေးကောက်ပွဲ။ မဲဆွယ်ခွင့်က တစ်လတည်း၊ အပိုင်အပိုင် ဆရာကြီးတို့ လုပ်ခဲ့ကြတာပါ။ အာဏာငွေတွေရော အရာမရောက်ဘူးဆိုတာ ရှင်းပါတယ်။ ဗိုလ်ချုပ်သမီးမထွက်လည်း ပြည်သူက ဆုံးဖြတ်ပြီးသားပါ။ သူထွက်လာတော့ အားရှိပါးရှိတော့ ဖြစ်ကြတာပေါ့။ အစစ်အမှန်က ဗမာတွေ မအ ကြဘူးလေ။ အခွင့်ရတာနဲ့ ဒါတတိယအကြိမ် တော်လှန်ကြတဲ့ပွဲပဲ။ စစ်အာဏာရှင်ကို မုန်းတယ်။ ကြည့်လို့မရဘူး။ ဒါဆႏ ၵအစစ္အမွန္ပဲ။ အိမ်ခေါင်မိုးပေါက်ရင် ခေါင်းဆောင်နွားလားသွားရာ ဗုဒ္ဓတရား ခုအခါမှာ အဆင့်ဆင့်ထိပ်ဆုံးက အောက်အထိ ချမ်းသာချင်တဲ့ လောဘစိတ် ကြီးမားနေကြတာလေ။ အဲဒီတော့ ရုံးလုပ်ငန်းတွေ ခဲရာခဲဆစ်၊ လက်ဖက်ရည်ဖိုး ဆိုပေမယ့် စိန်နားကပ်လောက် ဖြစ်ချင်ဖြစ်နေတာ။ သွားလာပို့ဆောင် ဘာလုပ်လုပ် လွယ်မှလွယ်၊ လိုင်းကြေး၊ ဒီလိုင်းကြေးဆိုတာ အောက်ကနေပြီး အထက်အထိ ရောက်တော့တာ။ ဒီတော့ ဘာမှအန္တရာယ်မရှိ။ အမှုဖြစ်လာသမျှ အေးဆေးပဲ။ သယံဇာတတွေ ဒုနဲ့ ဒေးနဲ့၊ သစ်တောကြီးတွေ စိမ်းလို့၊ ဒါတွေရှိသေးရဲ့လား။ ဒါတွေကုန်ပေမယ့် တိုင်းပြည်အတွက် ဘာမှမဖြစ်တာ အနာဆုံးပဲ။
မေးခွန်းထုတ်မယ် ဆိုရင်တော့ များမှများပါပဲ။ ချောချောမောမော လွှဲပြောင်းနိုင်မှာလား။ လုပ်လိုတာတွေ လုပ်နိုင်ပါ့မလား။ စီးတော်ကျားကြီးများ လွှတ်လိုက်လို့ကတော့ အခက်။ အာသီသတွေက မပြတ်။ မှားခဲ့တာတွေ ၀ါးခဲ့တာတွေ စိုးရိမ်ပြီး ကန့်လန့်ကန့်လန့် တိုက်နေရင် လုပ်ရတာ ခက်ခဲမှာ အမှန်ပါပဲ။ ဗိုလ်ချုပ်လိုလားတဲ့အဖွဲ့က ပြည်သူကို ကျွန်ခံဖို့၊ ပြည်သူကို ကျွန်လုပ်ချင်နေရွေ့ ဘာမှ အကျိုးမများနိုင်တော့ပါဘူး။ ရွှေလင်ပန်းနဲ့ အချင်းဆေး မင်းမွေးတဲ့လူတွေပဲဆိုလို့ကတော့ ရွှေပြည်ကြီးနဲ့ အပုံကြီးကွာပြီပဲပေါ့။ ကဲဗျာ မူရင်းအတိုင်း ပြည်သူသာအမိ ပြည်သူသာ အဖ ဆိုရင်တော့ သာဓုသုံးကြိမ် ခေါ်ကြမှာ မလွဲပါဘူး။
အထူးဝမ်းသာစရာကတော့ သြဇာတိက္က မအကြီးဆုံး အငြိမ်းစား ဗိုလ်ချုပ်ကြီး သန်းရွှေက တိုင်းပြည်အတွက် အမှန်ကန်ဆုံး နိုင်ငံရေး ခေါင်းဆောင်မယ့်သူအဖြစ် ကျွန်ုပ်တို့ခေါင်းဆောင်ကို ကြေညာလိုက်ခဲ့ခြင်းပါပဲ။ တကယ်မမျှော်လင့်ကြတဲ့ စကားပါပဲ။ ဒါဟာတကယ်ပဲ ကျွန်ုပ်တို့ခေါင်းဆောင်အတွက် မင်္ဂလာခညောင်း လာမှာဖြစ်ပါတယ်။ အားလုံး မျှော်လင့်နေကြတဲ့အတိုင်း ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်ကျော် ဧပြီလ  ၁ ရက်ဟာ တကယ်ကို မင်္ဂလာရှိတော့မယ့်နေ့ စပြီပဲ။ ဒုတိယလွတ်လပ်ရေးနေ့ တစ်နေ့ဖြစ်ဖို့ပါပဲ။ ဒါပေမဲ့ အားလုံး မျှော်မှန်းထားတာကလည်း အခက်အခဲ ပေါင်းများစွာနဲ့ ကျော်ဖြတ်ကြရဦးမယ်ဆိုတာပါပဲ။ အနိုင်နိုင်ငံကလည်း နေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ တခြားက ပေးတာ ကမ်းတာ ဆိုတာဟာလည်း များများကြီး စဉ်းစားယူကြဖို့လိုမှာပါ။ တကယ် အားကိုး အားထားရမှာကတော့ ဒီပြည်သူတွေသာ အမှန်ကန်ဆုံးဖြစ်ပါတယ်လေ။ ခုခါမှဆိုရင် အားလုံးခါးတောင်းကျိုက်ပြီး လိုအပ်တာမှန်သမျှ လက်ညီတက်ညီ တာဝန်အရ ခေါင်းဆောင်ကြီးရဲ့နောက်မှာ ရပ်တည်ကြရပါလိမ့်မယ်။
ကျွန်ုပ်တို့အားလုံး တင်မြှောက်ထားတဲ့ ခေါင်းဆောင်ကို သီလနဲ့ပြည့်စုံတယ်လို့ ယုံကြည်ကြပြီး ဖြစ်တယ်။ ဘယ်တော့မှ ကိုယ်ကျိုးရှာ လုပ်မယ့်သူ လုံးဝမဟုတ်ပါဘူး။
ကျွန်ုပ်တို့ရွေးတင်ထားတဲ့ ခေါင်းဆောင်ဟာ တည်တည်ကြည်ကြည် ဦးလည်မသုန် အစွမ်းကုန် တိုင်းပြည်အတွက် လုပ်မှာလို့ ယုံကြည်ပါတယ်။
ကျွန်ုပ်တို့တင်ထားတဲ့ခေါင်းဆောင်ဟာ ပညာရည်ပြည့်ဝသူဟု ယုံကြည်ထားကြတယ်။ ကျွန်ုပ်တို့တွင်မက နိုင်ငံတကာမှာ အကောင်းဆုံး အတော်ဆုံး ပညာရှင်လို့ သတ်မှတ်ထားသူ ဖြစ်ပါတယ်။
ဒီသီလ၊ သမာဓိ၊ ပညာပြည့်စုံသော ခေါင်းဆောင်ကို ကျွန်ုပ်တို့ လေးစား ယုံကြည် အားထားတာ အမှန်ဖြစ်တဲ့အတွက် ကျွန်ုပ်တို့သည် သူ၏ခေါင်းဆောင်မှု နောက်တွင် ပျော်ပျော်ပါးပါး ညီညီညွတ်ညွတ် လိုအပ်သည် အားလုံး တာဝန်အရ အစွမ်းကုန် သိုင်းကြ၀န်းကြပါစို့ဟု။
Writer: 
ဖိုးလမင်း (ဆင်ဖြူကျွန်း)

No comments: