Monday, January 4, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် တာဝန်ယူလိုစိတ်မရှိဘဲ လွတ်လပ်ရေးအရသာ မခံစားသင့်ကြောင်းဒေါ်စုပြောဆို =====================

ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် တာဝန်ယူလိုစိတ်မရှိဘဲ လွတ်လပ်ရေးအရသာ မခံစားသင့်ကြောင်းဒေါ်စုပြောဆို
===========================================================
လူလူ(ဗမာ့အားမာန်)
ဇန်န၀ါရီ ၎

ပြည်ထောင်စုကြီး ငြိမ်းချမ်းစေရေးနှင့် ညီညွှတ်ရေးအတွက် ပြည်သူလူထုအနေဖြင့် မိမိနိုင်ငံရဲ့ ကံကြမ္မာကို မိမိတာဝန်ယူဖို့ အချိန်ကျပြီဖြစ်ကြောင်း (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

“ကိုယ့်မှာတာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးလုပ်ရမယ်။ တာဝန်မယူရဲလို့ရှိရင် လွတ်လပ်ရေးရဲ့ အရသာကိုခံစားရမှာမဟုတ်ပါဘူး။ လွတ်လပ်ရေးရဲ့ အရသာတော့ခံစားချင်တယ် တာဝန်တော့မယူဘူးဆိုတာ မဖြစ်သင့်ဘူး။” ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

လွတ်လပ်ရေးနေ့အခမ်းအနားကိုရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အစီအစဉ်(၈)ခုဖြင့် မနက်(၁၀)နာရီအချိန်ကစတင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ထောက်ခံမဲဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ကျရာတာဝန်များကို အန်အယ်လ်ဒီအဖွဲ့ဝင်များအနေဖြင့် ကျေပွန်စွာလုပ်ဆောင်သင့်ခြင်းကြောင့် ရွေးချယ်ခံကိုယ်စားလှယ်များကိုအမှိုက်ကောက်ခိုင်းရခြင်းဖြစ်ကြောင်းဆိုသည်။

“ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေကိုကျမတို့ အမှိုက်ကောက်ဖို့ လုပ်ခိုင်းရတဲ့ အကြောင်းအရင်းကကိုယ်စားလှယ်တွေဆိုတာ ပြည်သူလူထုကို ပြည်သူလူထုအတွက် ပြည်သူလူထုကိုအကျိုးပြုဖို့ဆိုတာကောင်းကောင်းသဘောပေါက်သွားအောင်လို့ပါ အထက်ကနေဖို့မဟုတ်ဘူးအောက်ခြေကနေစပြီးတော့ ပြည်သူလူထုအကျိုးကိုစောင့်ရှောက်ရမယ်ဆိုတာသဘောပေါက်ဖို့လိုတယ်။ ကျမတို့ပြည်သူတွေကအင်မတန် ထိထိရောက်ရောက် ပါလာတဲ့အခါမှာမှန်ကန်တဲ့ ဦးဆောင်မှု ပေးနိုင်လို့ရှိရင် ကျမတို့ပြည်သူတွေကမလွှဲမသွေအောင်မြင်ရမယ်ဆိုတာကျမတို့ သဘောပေါက်သွားပါတယ်။” ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် ကူညီပံ့ပိုးခဲ့သော ပြည်သူလူထုများအပါအ၀င် ၊ ၈၈မျိုးဆက်ကျောင်းသားများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၊ အနုပညာရှင်များ ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ၊ ရွှေ့ပြောင်းလုပ်သားများနှင့် တိုင်းရင်းသားညီအကိုမောင်နှမများအားကျေးဇူးတင်ရှိကြောင်းကိုလည်းအဖွဲ့ချုပ် နာယကဦးတင်ဦးကပြောကြားခဲ့သည်။

(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအားဖြင့် အင်ဒိုနီးရှားသံရုံး ၊ တရုတ်သံရုံးမှ ဂုဏ်ပြုပန်းခြင်းများပေးပို့ခဲ့ပြီးတိုင်းရင်းသားပါတီများနှင့် ၊ သံတမန်များတက်ရောက်ခဲ့ကြောင်း ၊ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူ(၈၀)ကျော်ကလည်းလာရောက်အားပေးခဲ့သည်။

No comments: