Saturday, January 9, 2016

မန္တလေးတွင် လုံခြုံရေးလှည့်ကင်း အရှိန်မြှင့်မည်

မန္တလေးတွင် လုံခြုံရေးလှည့်ကင်း အရှိန်မြှင့်မည်

မန္တလေး၊ ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ လှည့်ကင်း/ဝပ်ကင်းများကို အရှိန်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး သက်နိုင်က ပြောကြားသည်။

"လှည့်ကင်း၊ ဝပ်ကင်းတွေက နေ့ရောညရော ပုံမှန်ဆောင်ရွက်နေတာပါပဲ။ အခု မော်တော်ယာဉ်အသစ်တွေ ထပ်ရလာတော့ ပိုပြီးအရှိန်မြှင့်ဆောင်ရွက်သွားမယ်" ဟု ၎င်းက ဆိုသည်။

တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထောက်ပံ့ပေးသည့် Brilliance Saloon နယ်ထိန်း ဆလွန်းယာဉ်ရှစ်စီးကို လက်ခံရရှိခဲ့ပြီး ခရိုင်ခုနစ်မြို့နယ်နှင့် တိုင်းဒေသကြီးရုံးတို့၏ လုံခြုံရေးလုပ်ငန်းများကို ကားတစ်စီးလျှင် အရာရှိတစ်ဦး၊ အခြားအဆင့်သုံးဦး စုစုပေါင်းလေးဦးဖြင့် လိုက်ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

လက်ရှိ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် နယ်ထိန်းဆလွန်းယာဉ် ၅၁ စီး၊ တစ်တိုင်းလုံးတွင် ၂၀၇ စီးဖြင့် လုံခြုံရေးကိုဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ ပို့ဆောင်ရေးဌာနစုမှူး ရဲအုပ်မင်းထိုက်ကျော်က ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံမှ ထောက်ပံ့သည့် နယ်ထိန်းဆလွန်းယာဉ် ၅၀၅ စီးအနက် ရန်ကုန်တိုင်းတွင် ၄၅ စီး၊ မန္တလေးတိုင်းတွင် ရှစ်စီးလွှဲပြောင်းပေးအပ်ထားပြီးဖြစ်သည်။

No comments: