Thursday, January 14, 2016

မြန်မာလူငယ်နှစ်ဦးအမှု ဖေဖော်ဝါရီ ၂၄ မှာ အယူခံဝင်မည်

koh-tao-620.jpg
ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မြန်မာနှစ်ဦးကို တွေ့ရစဉ်
www.thairath.co.th

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့အမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မတိုင်ခင်အယူခံဝင်သွားမယ်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံသား နှစ်ဦးအမှုကို ကူညီပေးဖို့အတွက် မြန်မာအစိုးရက စေလွှတ်ထားတဲ့ ကိုယ်စားလှယ် ၃ ဦးနဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့ပါတယ်။
အယူခံဝင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး သံရုံးအထူးကိုယ်စားလှယ် အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က အခုလို ပြောပါတယ်။
"ကျနော်တို့ အယူခံက တစ်လပါ၊ တစ်လဆိုတာ ဒီလ ၂၄ ရက်နေ့နဲ့ကုန်တာပါ၊ သူ့တို့ကိုတော့ နောက် တစ်လ တောင်းခွင့်ရှိပါတယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့က ရက်ပုတ်မသွားအောင်လို့ ၂၄ ရက်နေ့ မတိုင်ခင်ကာလလေးမှာမှ နောက်တစ်လ ထပ်ယူမှာပါ၊ အဲ့ဒါဆိုရင် ကျနော်တို့က နောက်တစ်လနဲ့ အတည်ပြနိုင်တဲ့သဘောရှိပါတယ်၊ ပထမတစ်လကို အပြည့်အဝသုံးင်္ပြီးတော့ ကုန်ခါနီးကျတော့ မှ နောက်တစ်လတောင်းတဲ့ သဘောပါ၊ ကျနော်တို့က အခုထက်ထိ သူတို့အချက်အလက်တွေ ယူတာတွေကို အမှုတွဲကြီးက စာမျက်နှာပေါင်း ၃ဝဝဝ ရှိပါတယ်၊ အဲ့ဒီတော့ ဒီဟာ ၃ဝဝဝ ကို ကျနော်တို့ အကြမ်းမျဉ်းဖတ် လို့မရပါဘူး"
သေဆုံးသူ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရတဲ့ မျိုးရိုးဗီဇ DNA နဲ့ မြန်မာနိုင်ငံသား ၂ ဦးရဲ့ DNA  လွဲမှားနေတဲ့အပေါ် အခြေခံပြီး အယူခံဝင်မှာဖြစ်တယ်လို့ ပြောပါတယ်။
သူတို့နှစ်ဦးအမှုကို ကူညီဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေပညာရှင် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦးနဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အယူခံမှုဆိုင်ရာကျွမ်းကျင်သူ ဦးဖေခင်တို့ ၃ ဦးကို မြန်မာအစိုးရက စေလွှတ်ထားတာဖြစ်ပါတယ်။

No comments: