Thursday, January 14, 2016

တကယ့် ငြိမ်းချမ်းရေးညီလာခံကို အစိုးရသစ်တက်မှ ကျင်းပမည် ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

union-peace-conference-1.jpg
နေပြည်တော်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်လာသူများနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Win Naung Toe/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အသိအမှတ်ပြုတဲ့ ညီလာခံမျှသာ ဖြစ် တယ်လို့ ပြောကြားလိုက်ပါတယ်။
union-peace-conference-2.jpg
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
"ဒီငြိမ်းချမ်းရေးညီလာခံကပေါ့နော်၊ NCA ပြီးတာကို အသိအမှတ်ပြုတဲ့သဘောပါပဲ၊ ဒီလိုပဲ ကျမနားလည်တယ်၊ တကယ့်ငြိမ်းချမ်းရေးညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီးလုပ်ရမှာပေါ့နော်၊ ၅ ရက်တည်းနဲ့တော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေးညီလာခံပြီးနိုင်မလဲ"
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မင်္ဂလာဈေးမီးလောင်မှုနဲ့ ပတ်သက်ပြီး ဥပဒေမဲ့ စည်းကမ်းမဲ့ ဆောက်လုပ်ထား မှုတွေရှိနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
"မဆောက်သင့်တဲ့နေရာတွေမှာ မဆောက်အောင်၊ မဆောက်သင့်တဲ့ အဆောက်အဦးမျိုး မဆောက်ဖို့ ဒါတွေဟာ စည်းမျဉ်း စည်းကမ်း ဥပဒေတွေရှိပြီးသား၊ အဲ့ဒါတွေကို မလိုက်နာတာတွေ က တော်တော်ပြဿနာတက်တယ်၊ နောက်ပြီင်္းတော့လည်း စည်းမျဉ်း စည်းကမ်း ဥပဒေအသစ်တွေ လိုတာတွေလည်း ထပ်ပြဌာန်းရမှာပေါ့၊ နောက်ပြီးတော့ ရန်ကုန်မြို့ တစ်မြို့လုံးဟာလည်း စီမံကိန်းနဲ့ လုပ်ရမယ့်မြို့၊ ဒီလိုပဲ ဖြစ်ချင်သလိုဖြစ် ဟိုနားခွင့်ပြုချက်ပေးပြီးတော့ဆောက်လိုက် ဒီနားခွင့်ပြုချက်ပေး ပြီးဆောက်လိုက် ဒီလိုလုပ်လို့ရတာမှမဟုတ်တာ"
တဆက်တည်းမှာပဲ NLD အဖွဲ့ဝင်တွေကို မီဒီယာတွေပြောကြားခွင့် ကန့်သတ်ထားတာဟာ တချို့က ပြောချင်တဲ့ ဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်ပြီး ပါတီရဲ့ မူဝါဒနဲ့ မကိုက်ညီတာတွေ၊ အချက်အလက်တွေကို အသေအချာ မသိဘဲ ပြောတာတွေ၊ မဆင်မခြင်ပြောတာတွေရှိနေလို့  တားမြစ်ရတာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။
union-peace-conference-3.jpg
ဒီအတောအတွင်း ရန်ကုန်က ဒီကနေ့လာတဲ့ Reuters သတင်းတစ်ပုဒ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံပြင်ရေးကို အလျင်စလိုလုပ်မှာမဟုတ်ဘဲ သူမကိုယ်စား ဟန်ပြတစ်ယောက်ကို သမ္မတအဖြစ် ခန့်အပ်လိမ့်မယ်လို့ ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးက ပြောကြားကြောင်း ဖေါ်ပြထားပါတယ်။
ဒါပေမယ့် ဆုံးဖြတ်ချက်မှန်သမျှကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကပဲ ချမှတ်မှာဖြစ်ကြောင်းနဲ့ အဲ့ဒီလို လူတစ်ယောက်ကို သမ္မတအဖြစ် ဟန်ပြခန့်အပ်လိုက်ခြင်းအားဖြင့် အဓိပ္ပါယ်မဲ့တဲ့ ဖွဲ့စည်းပုံကို ပြင်ဖို့လိုကြောင်း ထင်ရှားစေမှာဖြစ်တယ်လို့လည်း အဲ့ဒီ အမည်မဖေါ်လိုတဲ့ NLD ခေါင်းဆောင်ကပြောတယ်လို့ ဆိုပါတယ်။ အခုလို ရိုက်တာသတင်းဌာနက ထုတ်ပြန်တဲ့သတင်းနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ အတည်ပြုချက်ကိုတော့ မရရှိသေးပါ

No comments: