Sunday, January 3, 2016

ဒေါ်အောင်ဆန်းစုကြည် ရေလိုက်လွဲနေသလား

ဒေါ်အောင်ဆန်းစုကြည် ရေလိုက်လွဲနေသလား
================================
အခု ထိုင်းမှာဖြစ်နေတဲ့ ဝင်းနဲ့ဇော်အမှုနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူလူထုဆီက စကားသံနှစ်မျိုးထွက်လာပါတယ်။
တခုက ဒေါ်စုအပေါ်အားကိုးမျှော်လင့်တဲ့ အားမလိုအားမရ မချိတင်ကဲ အသံဖြစ်ပြီး ၊ နောက်တခုက ဒေါ်စုကို နိုင်ငံရေးအပုတ်ချ ချောက်ချချင်တဲ့ လှည့်ကွက်အသံပါ ။
ဒီနေရာမှာ ကျနော်တို့ ဒေါ်စုရဲ့ရပ်တည်ချက် သမိုင်းကြောင်းကို ပြန်ကြည့်စေချင်ပါတယ် ။

ဒေါ်စုကို ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရခိုင်မှာ ပြဿနာဖြစ်တယ် ဘာမှလုပ်မပေးလို့.......
လက်ပံတောင်းတောင်မှာ ဖြစ်တယ် ဘာမှလုပ်မပေးလို့.......
ဒေါ်ခင်ဝင်း ၊ ကိုပါကြီး တို့အသတ်ခံရတယ် ဘာမှရပ်တည်မပေးလို့......
ဒါ့ထက် လက်ပံတန်းကျောင်းသားဆန္ဒပြမှု အကြမ်းဖက်မှုတွေ ၊ မတရားဖမ်းဆီးခံရတာတွေကို မလုပ်ပေးလို့.......
မြစ်ဆုံစီမံကိန်း ဝင်မရပ်ပေးလို့.......
ကချင်မှာ စစ်ဖြစ်တယ် ငြိမ်းချမ်းအောင် မလုပ်ပေးလို့.........
ဆိုပြီး အမှုကိစ္စတက်တိုင်း ဒေါ်စုကို ယုံကြည်သူတွေက အမေသာပြောပေးရင်၊ ပါပေးရင်ဆိုပြီး မချိတင်ကဲမျှော်လင့်ခဲ့ကြသလို ၊ တဖက်ကလော်ဘီတွေကလည်း နိုဘယ်ဆုရှင်ကြီး ဘာလုပ်နေလဲဆိုတာမျိုးတွေနဲ့ နိုင်ငံရေးသွေးခွဲဖို့ အစဉ်အမြဲချောင်းနေတာပါ ။ ဥပမာ ရဲမိုးတို့လို ကောင်မျိုးတွေနဲ့နောက်လိုက် အာဏာရှင် အရိုးကိုက်စစ်ခွေးတွေက အမြဲချောင်းနေတာပါ ။
သို့သော် ဘယ်သူတွေဘာပဲပြောပြော ဒေါ်စုဟာ တိုင်းပြည်အတွက် အကောင်းဆုံးနဲ့ အလုပ်သင့်ဆုံး အမှန်ဆုံးလမ်းတွေကြီး ရွေးလျှောက်သွားခဲ့တာပါ ။

အမေစုကွလို့ သွားမြှောက်ပေးလို့လည်း မြောက်ပြီး ထင်ရာလျှောက်လုပ်မှာ မဟုတ်သလို ။
မလုပ်ပေးလို့ သွားဆဲနေလို့လည်း မထောက်ခံမှာကြောက်ပြီး တောင်းဆိုတာ လုပ်ပေးမှာမဟုတ်ပါဘူး ။
ဒေါ်စုကိုထင်ရာပြော ၊ ဝေဖန်ပြီး ဦးနှောက်သေးသေးလေးတွေနဲ့ လိုက်တွက်ချက်တိုင်း အလွဲကြီးတွေလွဲတာကြီးပါပဲ ။ သမိုင်းကြောင်းတလျှောက်က သက်သေပြနေပြီးပါပြီ ။ နောက်တချက် ဒေါ်စုလုပ်လိုက်လို့ တိုင်းပြည်နှစ်နာခဲ့တာ တချက်မှမရှိသေးပါဘူး ။
နောက်အများနဲ့ သဘောထားကွဲလွဲနိုင်တဲ့ ဒေါ်စုအပေါ် ကျနော့်ခံယူချက်က....
ဒေါ်စုကို အကြောင်းကိစ္စ အစုံအတွက် ပါဝါကုန်သုံးပြီး မလုပ်စေချင်ပါဘူး ။ ဒေါ်စုပါဝါကို နေရာနှစ်မျိုးမှာပဲ သုံးစေချင်ပါတယ် ။

(၁) ပျက်ဆီးနေတဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်တဲ့နေရာ
ဒီကိစ္စကတော်တော်ကို ခက်ခဲနေဆဲအခြေအနေပါ ၊ လက်ရှိအာဏာလွှဲပေးဖို့ လိုနေသေးသလို ၊ နောက်လက်ကျန်သုံးလအတွင်း အကျင့်ယုတ်ပြီး ပြဌာန်းဖို့ကြိုးစားနေတဲ့ ကာလုံဥပဒေတွေ၊ အခွန်ဥပဒေတွေဟာ တိုင်းပြည်စီးပွားရေးနဲ့ နိုင်ငံရေးကို ချောက်ထဲဆွဲချနေတဲ့ပုံစံတွေ ဖြစ်နေပြန်ပါတယ် ။ နောက်အဖက်ဖက်က ယို့ယွင်းနေတဲ့ အစိတ်အပိုင်းကဏ္ဍတွေကို ပြုပြင်ဖို့ထက် ယိုင်နေတာလေးကိုတည့်ဖို့တောင် အများကြီးပြုပြင်ပြင်ဆင်ရမယ့် အခြေအနေ အကြပ်အတည်းကြီးကိုလည်း မြင်စေချင်ပါတယ်။

(၂) ဒေါ်စုအလွန်နိုင်ငံရေးအတွက်
ဒီကိစ္စကတော်တော်များများ စဉ်းစားကြမယ်မထင်ပါဘူး ။ ကျနော်ကိုမေးရင်တော့ အဲ့အခြေအနေကို အစိုးရိမ်ဆုံးပဲလို့ပြောပါရစေ။ ဘာဖြစ်လို့လဲ....
ဒေါ်စုဟာ အသက်နဲ့လူသားပါ ၊ Natural resource မဟုတ်သလို Immortal လည်း မဟုတ်ပါဘူး ။ အခုပဲအသက်အရွယ် အတော်လွန်နေတဲ့ အဘွားအိုတယောက် ဖြစ်နေတယ်ဆိုတာ အားလုံးစိတ်ထဲ သတိတချက်ဝင်စေချင်ပါတယ် ။ ဒေါ်စုလုပ်နိုင်တဲ့ နိုင်ငံရေးကာလဟာ အချိန်အပိုင်းအခြား အကန့်အသတ် တော်တော်များနေပါပြီ။
အဲ့ဒီအချိန်ကိုပဲ ကျားချောင်းချောင်းစောင့်နေတဲ့ တိုင်းပြည်ဖျက်မယ့်အကောင်တွေ အများကြီးရှိနေပါတယ် ။ ဒီတော့ ဒီအချိန် အကန့်အသတ်အတွင်းမှာ ဒေါ်စုဟာ တချို့ကိစ္စတွေအတွက် အချိန်ဖြုန်းခိုင်းလို့ မရတော့ပါဘူး ။ ဒေါ်စုအလွန်နိုင်ငံရေးအတွက် ဒေါ်စုအများကြီး ကြိုးစားပြင်ဆင်ဖို့လိုနေပါပြီ။

ဗိုလ်ချုပ်အောင်ဆန်း အချိန်မတိုင်ခင်သေဆုံးခဲ့လို ၊ ကောင်းမွန်တဲ့မူဝါဒတွေ မလည်ပတ်ခင် သေဆုံးခဲ့လို့ တိုင်းပြည်ပျက်ရတာကို နမူနာယူနိုင်သလို။
လီကွမ်းယုကောင်းမွန်တဲ့ မူဝါဒတွေခိုင်ခိုင်မာမာချနိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားကို လည်စေခဲ့လို့ စင်္ကာပူအခု လီမရှိဘဲ ရပ်တည်နေနိုင်တယ်ဆိုတာလည်း တချက်နမူနာယူကြပါ။
အခုလည်း ပြည်သူလူထု မျိုးချစ်စိတ်ထကြွနေတာကို အခွင့်ကောင်းယူပြီး ကာလုံဥပဒေတွေနဲ့ ဖားကန့်ကို အပျောက်ဖျောက်ဖို့တွေ လုပ်နေပြန်ပါပြီ။
မြန်မာနိုင်ငံမှာ အမှုအခင်းပေါင်းများစွာ ၊ မတရားမှုများစွာဟာ နေရာအနှံမှာဖြစ်ပျက်နေတာပါ ၊ အခုကိစ္စဟာလူသိထင်ကြား ကမ္ဘာအထိပျံ.လို့သာ ဒီလောက်အထိအုံကြွလာတာပါ။ ဘယ်သူမှမသိဘဲ တိုင်းတပါးမှာအသက်ခံရ၊ မုဒိန်းကျင့်ခံရတာတွေဟာလည်း မရေမတွက်နိုင်ပါ။ ပြည်တွင်းမှာရော ထိုနည်းတူစွာပါပဲ။

ဒီလိုအဖြစ်အပျက်တွေ ဖြစ်ဖြစ်သမျှ ဒေါ်စုခေါ်နေတာ သိပ်တော့အဓိပ္ပါယ်မရှိလှပါဘူး ။ ဒေါ်စုဟာအဲ့ဒီလိုအဖြစ်ဆိုးတွေ မကြုံရအောင်တိုင်းပြည်ကို အစွမ်းကုန်တည်ဆောက်ဖို့ ဘဝတစ်ခုပါ ရင်းထားပေးတယ်ဆိုတာ မြင်ရင်မေးနေစရာအကြောင်း တောင်မရှိတော့ပါဘူး ။ ဒေါ်စုဘက်ကနေစဉ်းစားကြည့်ရင် ဒေါ်စုအသက်အရွယ်နဲ့ မြန်မာနိုင်ငံဟာ စင်္ကာပူလိုမျိုးနိုင်ငံလိုမျိုးဖြစ်သွားတာ မြင်နိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီလိုမျိုးမမြင်နိုင်ပေမယ့် အဘိုးအိုနဲ့မင်းသားလို နောက်လာနောက်သားတွေအတွက် သရက်ပင်စိုက်ပေးနေတယ် ဆိုတာကိုတော့ မြင်အောင် ကြည့်တတ်ဖို့လိုပါတယ်။
နောက်တချက်က အခုကိစ္စမှာ ဒေါ်စုဘာမှတာဝန်မယူနိုင်ဘူး အာဏာထိခိုက်မှာစိုးလို့ဆိုပြီး ဖွနေတာတွေကို ရှယ်နေတဲ့၊ လာမေးတဲ့ ကျနော်မိတ်ဆွေတွေ ရှိနေပါတယ် ။ ကျနော်ကတော့ ကိုယ့်အသိဉာဏ်နဲ့ ယုံကြည်ချက်ကိုသာ ပြန်စမ်းစစ်စေချင်တော့တာပါပဲ။ ဒီလောက် အဓိပ္ပါယ်မရှိတာကိုတောင် ယုံမှားသံသယ ဖြစ်နေသေးတယ်ဆိုရင်တော့ လက်သန်းမှင်တို့ဟာ ယောင်ကန်းကန်း မှင်တို့တာပါပဲ။ သူများယောင်လို့ လိုက်ယောင်တာပဲလို့ ကျနော်ကတော့ ပြောပါရစေ။
တချက်ပဲထပ်ပြောပြချင်ပါတယ် ၊ ဒေါ်စုကိုအသည်းအသန် ကာကွယ်နေတာမဟုတ်သလို ၊ ခြိမ်းခြောက်တာလည်း မဟုတ်ဘူးဆိုတာကို ပြောချင်ပါတယ် ။ ကိုယ့်အသိဉာဏ်နဲ့စဉ်းစားပါ ။

ဒေါ်စုသာ အသက်အရွယ်အပိုင်းအခြားအရ နိုင်ငံရေးသက်တမ်းအတွင်း အမျိုးမျိုးသောမတရားမှု
အကြောင်းကိစ္စတွေကို လိုက်ဖြေရှင်းရင်း အချိန်ကုန်ခဲ့မယ်ဆိုရင် ......
ခိုင်မာတဲ့မူဝါဒတွေမချနိုင်ခဲ့ရင်...
ထိရောက်တဲ့ အရေးယူမှုတွေမလုပ်နိုင်ခဲ့ရင်...
မသင့်လျှော်တဲ့ အခြေခံဥပဒေတွေ မပြင်ဆင်နိုင်ခဲ့ရင်.
နေရာမမှန်တဲ့ စစ်သားတွေမထွက်သွားရင်..
ဒီမိုကရေစီနည်းမကျတဲ့ ဥပဒေတွေထပ်ပြဌာန်းခွင့် ရခဲ့ရင်...
ဒေါ်စုအလွန်နိုင်ငံရေးအတွက် သေချာတဲ့ လေ့ကျင့်ပျိုးထောင်မှုမရှိခဲ့ရင်.....
အဲ့ဒီဟာတွေသာ ဒေါ်စုမကိုင်တွယ်နိုင်ရင်တော့ တတိုင်းပြည်လုံး ခွေးထပ်ဖြစ်ပါမယ် ။

ဒေါ်စုရဲ့အစိုးရသက်တမ်းအတွင်းရော ၊ သက်တမ်း အလွန်မှာ
ဝင်းနဲ့ဇော်တွေ အများကြီးပေါ်လာမယ်၊
ဒေါ်ခင်ဝင်းနဲ့ကိုပါကြီးတွေ အများကြီး ပေါ်လာမယ်။
ကျောင်းသားတွေကို အကြမ်းဖက်မှုတွေ
ကချင်ကဆရာမတွေကို မုဒိန်းကျင့်တာမျိုးတွေ
တိုင်းတပါးမှာ ဒုက္ခရောက်ရမယ့်မြန်မာတွေ
ဖားကန့်လို သံယံဇာတဆုံးရှုံးတာတွေ
ခရိုနီနဲ့အာဏာရှင်တွေ လက်ဝါးကြီးအုပ်တာတွေဟာ မရေမတွက်နိုင်အောင် ဖြစ်လာပါလိမ့်မယ်ခမျာ ။
အနာဂါတ်ကို နည်းနည်းမျှော်တွေးပေးကြပါ ။

ဝင်းနဲ့ဇော်ပြဿနာဟာ လတ်တလော အရေးကြီးတဲ့ ပြဿနာဖြစ်နေပြီး ဘယ်သူကမှ ဒါဟာအမှန်တရားပါလို့ ဘယ်ဖက်ကမှ မပြောနိုင်အောင် ငြင်းနိုင်နေတဲ့ အခြေအနေမှာ ဒေါ်စုကို အတင်းဇွတ်လုပ်ခိုင်းနေတာ ဖြစ်သင့်မဖြစ်သင့် စဉ်းစားကြပါ ။ ပါတီကလည်း ဥပဒေဘောင်အတွင်းကနေ လုပ်ပေးသင့်တာလုပ်ပေးမယ်လို့ တရားဝင်ကြေညာထားပြီးပါပြီဗျာ ။
ကျနော်မြန်မာနိုင်ငံသားတယောက်အနေနဲ့ ဒီအဖြစ်အပျက်တွေကို ရင်နာရပါတယ် ။ သို့သော်လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်အရ ဒေါ်စုကို ဘောင်အပြင်ပကနေ ဟိုဟာတောင်းဆိုခိုင်းတာ၊ ဟိုဟာပြောခိုင်း ဒီဟာပြောခိုင်းဆိုတာမျိုးကတော့ ကျနော်အနေနဲ့ သဘောမတူပါဘူး ။
ဒေါ်စုကလည်း ကင်ဆာရောဂါဖြစ်နေတဲ့လူနာကို ပါရာစီတမော့တိုက်ပြီး ပျောက်မယ်လို့အာမခံမယ့် ခေါင်းဆောင်အမျိုးအစားမဟုတ်ဘူးဆိုတာရယ် ၊ အဲ့ဒီလိုခေါင်းဆောင်မျိုးမဟုတ်လို့လည်း ကျနော်က ရဲရဲဝံ့ဝံ့ထောက်ခံနေရကြောင်းပါခမျာ ။

credit: အလင်းရောင်

No comments: