Thursday, January 14, 2016

လွှတ်တော် အတည်ပြုချက်မယူပဲ စက်မှုမှ ကာကွယ်ရေးဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းထားသည့် အရှုံးပေါ်နေသော စက်ရုံလေးရုံအတွက် ဘတ်ဂျက် တောင်းခံထား

လွှတ်တော် အတည်ပြုချက်မယူပဲ စက်မှုမှ ကာကွယ်ရေးဝန်ကြီးဌာန အောက်သို့
လွှဲပြောင်းထားသည့် အရှုံးပေါ်နေသော စက်ရုံလေးရုံအတွက် ဘတ်ဂျက်
တောင်းခံထား
------- -------- ---------
စက်မှုဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာန အောက်သို့ အစိုးရ ဆုံးဖြတ်ချက်ဖြင့်
လွှဲပြောင်းထားသည် ဆိုသည့် အရှုံးပေါ်နေသည့် စက်ရုံလေးရုံ ဘက်ဂျက်
တောင်းခံရာတွင် စက်မှုဝန်ကြီးဌာနအောက်တွင် တောင်းခံထားကြောင်း ဇန်န၀ါရီလ
၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှ သိရသည်။
“အရှုံးပေါ်တဲ့ စက်ရုံလေးရုံက လိုတဲ့ငွေတွေကို ဒီစက်မှုဝန်ကြီးဌာန ခေါင်းစဉ်အောက်
မှာ ထပ်တောင်းထားတယ် ။ ထပ်တောင်းထားပြီးတော့မှ လက်တွေ့မှာ အဲ့ကောင်
တွေက ကာကွယ်ရေးဝန်ကြီးဌာန အောက်ကို မကြာသေးခင်ကမှ လွှဲပြောင်းပေးထား
ပြီးသား။ အရှုံးပေါ်နေတဲ့ ဟာတွေက ကာကွယ်ရေးဝန်ကြီးဌာနကို ပြောင်းလိုက်တဲ့
အခါကျတော့ ဘယ်လိုအဓိပ္ပာယ် လဲပေါ့ ။ ဒါလည်း စဉ်းစားစရာ၊ နောက်အစိုးရ
လည်း ပြောင်းတော့မှာ ရှုံးကလည်း ရှုံးနေတယ် ၊ ငွေကလည်း ထပ်တောင်းထားသေး
တယ် ၊ လွှတ်တော်ကိုလည်း မတင်ပြဘဲ ကာကွယ်ရေးဝန်ကြီးဌာန အောက်ကို ပြောင်းတယ်” ဟု ဦးရဲထွန်းက The Ladies သို့ ပြောသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ၀န်ကြီးဌာနအလိုက် ဘတ်ဂျက်များတောင်းခံမှုကို လက်ရှိကျင်းပနေသော လွှတ်တော်တွင် ဆွေးနွေးနေခြင်းဖြစ်ပြီး ဥပဒေနှင့်ညီမညီ ဥပဒေကော်မတီမှ မေးခွန်းထုတ်ထားကြောင်းလည်း သိရသည်။
အဆိုပါ အရှုံးပေါ်နေသည့် စက်ရုံလေးရုံ လွှဲပြောင်းမှုသည် အစိုးရအဖွဲ့
အစည်းအဝေး ၏ ဆုံးဖြတ်ချက် ဖြစ်သည်ကိုသာ သိထားပြီး တရားဝင်လွှဲပြီး
မလွှဲပြီးသည်ကိုမူ မသိရှိကြောင်း၊ လွှဲပြောင်းပေးမည်ဟု ဆုံးဖြတ်ထားသော်လည်း
တစ်ဖက်က လက်ခံရမည့် ၀န်ကြီးဌာနအပေါ် ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ကြောင်း
လည်း ပြည်ထောင်စုဥပဒေကြမ်း ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး
ဒေါက်တာမြတ်ဉာဏစိုး က The Ladies သို့ပြောသည်။
“နဂိုကတည်းကမှ ကာကွယ်ရေးစရိတ်တွေ များတယ် ။ ကာကွယ်ရေး ဘတ်ဂျက်က
ကြီးတယ် ။ ဆိုပြီးတော့ ဖြစ်နေတာ အဲ့ဒီတော့ ဒီစက်ရုံကြီးလေးရုံမှာ အမှန်အတိုင်း
ပြောရရင် အရှုံးပေါ်နေတဲ့ စက်ရုံတွေ မလည်ပတ်နိုင်ဘူး ။ အရှုံးပေါ်နေတဲ့ စက်ရုံတွေကို ကာကွယ်ရေးက လွှဲပြောင်းပြီး ယူလိုက်တော့ ပြောင်းလဲအသုံးချဖို့
ဆိုတာကလည်း သေချာလုပ်ဖို့ လိုသေးတာပေါ့ ။ ကော်မတီက အကြံပြုတာက
တော့ ဘာပဲလုပ်လုပ် ဥပဒေနည်း ဥပဒေ လုပ်ထုံးလုပ်နည်း တွေနဲ့အညီပေါ့ ။
ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီးတော့ အတည်ပြုချက် ရယူသင့်တယ် ဆိုလည်း ယူ ၊ ယူပြီးမှလွှဲပေါ့” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
လွှတ်တော်များ စတင်ပေါ်ပေါက်လာစဉ် ကာလက ကာကွယ်ရေးဝန်ကြီးဌာန
လက်အောက်ရှိ သံမဏိစက်ရုံကြီးများ စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းစဉ်
ပြည်ထောင်စု လွှတ်တော်ထံ တင်ပြပြီးမှ လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်ဟု ဒေါက်တာ
မြတ်ဉာဏစိုးက ဆက်လက် ပြောကြားခဲ့သည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments: