Wednesday, January 6, 2016

၂၀၁၅ အွန်လိုင်းပေါ်မှာ လူပြောများခဲ့သော ကျန်းမာရေး ကိစ္စတွေ ကျန်းမာရေး,

  ၂၀၁၅ ခုနှစ် အင်တာနက်ပေါ်မှာ လူပြောအများဆုံး၊ လူတွေ စိတ်အ၀င်စားဆုံး ကျန်းမာရေး ကိစ္စက ကျွန်ုပ်တို့ ခန္ဓာကိုယ် ကိစ္စဖြစ်၏။ အထူးသဖြင့် ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ အလှတရားကို မည်သို့ အဓိပ္ပာယ် ဖွင့်မည်နည်း ဟူသော အငြင်းအခုံ ကိစ္စများဖြစ်သည်။

#DropThePlus

          ဖက်ရှင် လုပ်ငန်းတွင် “Plus size”  ဆိုသော စကားလုံး မသုံးဖို့ ၂၀၁၅ ဧပြီတွင် သြစတြေးလျ ရုပ်သံ တင်ဆက်သူ တစ်ဦးက ဦးဆောင်ကာ အွန်လိုင်းကနေ လှုပ်ရှားတောင်းဆိုခဲ့သည်။ ပုံမှန်ထက် ခန္ဓာကိုယ် ဖွံ့ထွားသော အမျိုးသမီးများ၏ ခန္ဓာကိုယ် အရွယ်အစားကို “Plus size” ဟု သုံးနှုန်းခြင်းသည် လှောင်ပြောင်ရာ ရောက်သောကြောင့် အသုံးရပ်ကြဖို့ ဆိုရှယ်မီဒီယာများတွင် #DropThePlus  လှုပ်ရှားမှု ကျယ်ပြန်ခဲ့သည်။

ခါးလေ့ကျင့်ရေးစက်

          မေလကစပြီး အင်တာနက်ပေါ်မှာ ခါးလေ့ကျင့်စက် ဆိုတာတွေ ခေတ်စားခဲ့သည်။ ကင်မ်ကာဒါရှန်းတို့ ညီအစ်မများကတောင် ခါးလေ့ကျင့်စက်များကြောင့် သူတို့ခန္ဓာကိုယ်သည် သဲနာရီပုံစံမျိုး ခါးလေးကျဉ်းပြီး သိပ်ကြည့် ကောင်းလာသည်ဟု ဆိုရှယ် မီဒီယာတွေမှာ တင်ခဲ့ကြသည်။

             သဘောကျသူများ ရှိသလို၊ စိတ်ပျက်သူများလည်း ရှိခဲ့သည်။ ခါးလေ့ကျင့်စက်များ အသုံးမ၀င်ဟု ဆိုရှယ် မီဒီယာမှာ ရေးတင်သူများလည်း ရှိသည်။ ထိုစက်များ အလုပ် ဖြစ်မဖြစ်ကိုလည်း သိပ္ပံနည်းကျ သက်သေပြတာမျိုးလည်း မပေါ်ပေါက်ခဲ့။

ဗိုက်ရွှဲမှ လှသည်။

          အမေရိကန် တက္ကသိုလ် ကျောင်းသား တစ်ယောက်၏ ဆောင်းပါး တစ်စောင်ကြောင့် ဘီယာဗိုက်ရွှဲ အမျိုးသားများ ၂၀၁၅ မှာ အခိုက်အတန့်အားဖြင့် ပျိုတိုင်းကြိုက်ဘ၀ ခံယူခွင့်ရခဲ့သေးသည်။ ထိုကျောင်းသားက 'ကလေးအဖေ ခန္ဓာကိုယ်' ဟု တင်စားခဲ့သည်။

            ပုံမှန် ကျစ်လျစ်သော ခန္ဓာကိုယ်မျိုးမှ ခွဲထွက်ကာ အဆီများပြီး အချိုးမကျသည့် ခန္ဓာကိုယ်မျိုးတွေက လိင်ဆွဲဆောင်မှု ပိုရှိသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။ ထိုကိစ္စကို ဆိုရှယ်မီဒီယာပေါ်တွင် လူအမြောက်အမြား ၀င်ရောက် ဆွေးနွေးငြင်းခုံခဲ့ကြသည်။ သဘောတူသူလည်း ရှိသလို၊ မတူသူလည်း ဒုနဲ့ဒေး။

#FlexinMyComplexion

          ၂၀၁၅ သြဂုတ်တုန်းက တွစ်တာတွင် #FlexinMyComplexion  လှုပ်ရှားမှု အရှိန်ဟုန်မြင့်ခဲ့သည်။ အင်တာနက်တွင် အရေပြားလှလှဟု ရိုက်ရှာလိုက်လျှင် လူဖြူအမျိုးသမီးပုံများ၊ မျက်နှာများသာ တက်လာနေရာ အင်တာနက် ကိုယ်တိုင်သည်ပင် အသားမည်းသူများကို ခွဲခြားဆက်ဆံနေကြောင်း မကျေနပ်သူများက ဦးဆောင်ကာ အသားအရောင် တန်းတူညီမျှရေးကို #FlexinMyComplexion  လှုပ်ရှားမှုဖြင့် တောင်းဆိုခဲ့ကြသည်။

စိတ်ပျက်စရာ မျက်နှာတဲ့လား

          ဇူလိုင်လတုန်းက အင်တာနက် ပေါ်တက်လာသည့် ဗီဒီယိုကားတိုလေး တစ်ခုက အလှအပရေးရာ သဘောထားများကို မေးခွန်း ထုတ်ခဲ့သည်။ ဗြိတိန်မှ အလှအပရေးရာ ၀ဘ်ဆိုက် ရေးသားသူ အမ်ဖို့ဒ်သည် ပါးရေ အနည်းငယ် တွန့်နေပြီဖြစ်သော သူ့မျက်နှာပုံကို မိတ်ကပ်မလိမ်းဘဲ ပကတိ အတိုင်း တစ်ပုံ၊ မိတ်ကပ်လိမ်းပြီး လှအောင် လုပ်ထားသော တစ်ပုံယှဉ်ပြီး ဆိုရှယ် မီဒီယာပေါ် တင်ခဲ့သည်။

          ထိုပုံအောက်တွင် ကမ္ဘာတစ်ဝန်းက ၀င်ရောက် မှတ်ချက် ပေးကြသည်များထဲက စိတ်ဝင်စားဖွယ် မှတ်ချက်များကို ဆွဲထုတ်ပြီး သရုပ်ဖော် ဗီဒီယိုကားတိုလေး လုပ်ကာ ယူကျူပေါ် တင်ခဲ့ခြင်း ဖြစ်သည်။ လူတွေသည် အလှအပနဲ့ ပတ်သက်ပြီး တစ်ယောက် တစ်မျိုး အမျိုးမျိုး သဘောထား ကွဲနေသည်ကို ပြလိုသောကြောင့် ထိုဗီဒီယိုကားတိုလေး ဖန်တီးခြင်း ဖြစ်သည်ဟု အမ်ဖို့ဒ်က ပြောသည်။

No comments: