Wednesday, January 6, 2016

တယ်လီနော၏ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် သုံးစွဲမှု ရာခိုင်နှုန်းမြင့်တက်လာ

၂၀၁၅ အတွင်း၌ တယ်လီနောဖုန်း အသုံးပြုသူများ၏ဖုန်းခေါ်ဆိုမှု မှာ ၁၃၅ ရာခိုင်နှုန်းနှင့် အင်တာနက် အသုံးပြုမှု ၃၇၀ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိလာကြောင်း တယ်လီနောမြန်မာအမှုဆောင်အရာရှိ ချုပ် ပက်တာဖာဘတ်က ပြောသည်။
   
‘‘နိုင်ငံတစ်ဝန်းမှာ တာဝါတိုင်တွေ အများအပြားတိုးချဲ့လာတာနဲ့အမျှ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် အသုံးပြုမှုတို့က ပိုများလာပါတယ်။ တယ်လီနောအသုံးပြုသူတွေရဲ့ဖုန်းခေါ်ဆိုမှုဟာ ၁၃၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး အင်တာနက် အသုံးပြုမှုဟာလည်း ၃၇၀ ရာခိုင်နှုန်းအထိ တိုးတက်မှု ရှိလာခဲ့ပါတယ်’’ဟု ၎င်းက ပြောသည်။

တယ်လီနောဖုန်းအသုံးပြုသူတစ်ဦးလျှင် ဖုန်းပြောဆိုခြင်းနှင့် အင်တာနက် အသုံးပြုခြင်းတို့အတွက် လစဉ်ပျမ်းမျှကျပ် ၅၇၀၀ နှုန်းအသုံးပြုလျက်ရှိကြောင်း ၂၀၁၅ ဇူလိုင်အတွင်းက တယ်လီနောမြန်မာက ထုတ်ပြန်ထားပြီး မိုဘိုင်းဖုန်း အသုံးပြုမှုနှုန်းသည် ဆက်လက် မြင့်တက်လျက်ရှိကြောင်း သိရသည်။
   
တယ်လီနောအနေဖြင့် နိုင်ငံတစ်ဝန်းတွင် မိုဘိုင်းတာဝါတိုင်ပေါင်း လေးထောင်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနေပြီး ကွန်ရက်တိုးချဲ့မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မိုဘိုင်းဖုန်းအသုံးပြုမှုနှုန်းမှာလည်း မြင့်တက်လျက်ရှိသောကြောင့် မြို့ကြီးများတွင် တည်ငြိမ်ကောင်းမွန်သည့် ကွန်ရက်တစ်ခုရရှိရန် တာဝါတိုင်များ ထပ်မံတိုးချဲ့ရေး လိုအပ်နေသေးကြောင်း ပက်တာဖာဘတ်က ပြောသည်။    
   
၂၀၁၄ စက်တင်ဘာအတွင်းက စတင်၍ ဝန်ဆောင်မှုပေးခဲ့သည့် တယ်လီနောမြန်မာသည် တစ်နှစ်ကျော်အတွင်း မိုဘိုင်းဖုန်း အသုံးပြုသူ ၁၃ သန်းကျော်ဖြင့် ဈေးကွက်ဝေစု၏ ၃၅ ရာခိုင်နှုန်းကျော် ရရှိထားပြီး ၎င်းတို့၏ ၅၇ ရာခိုင်နှုန်းမှာ အင်တာနက်အသုံးပြုသူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

No comments: