တိုက်ပြေးသောကားကို နံပါတ်နှင့်တကွ တင်ပြနိုင်သော်လည်း ၁၀ရက်ကြာထိ မဖမ်းနိုင်
မန္တလေး၊ ဇန်နဝါရီ - ၅
မန္တလေးမြို့တော်တွင် အသက် ၇၄ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးကို တိုက်ပြီး ထွက်ပြေးသွားသော ကားကို နံပါတ်၊ အရောင်၊ ပုံစံနှင့်တကွ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို တင်ပြခဲ့သော်လည်း ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ ရက်ပြည့်မြောက်ချိန် ဇန်နဝါရီလ ၅ ရက်နေ့အထိ တိုက်ပြေးသွားသောယာဉ်ကို မဖမ်းမိနိုင်သေးကြောင်း အဆိုပါယာဉ်တိုက်ခံရသည့် ကာယကံရှင်များက ပြောကြားသည်။
“သူတို့က ကားနံပါတ်ရော ၊ ကားပုံစံရောပါကို ပြောပြထားတယ်။ ဗီဒီယိုဖိုင်ရောတင်ပေးထားတာကို တရားခံဖမ်းမမိဘူး။ ဒီလိုလုပ်နေတာက တိုက်ပြေးသွားတဲ့လူကို တမင်လွှတ်ပေးထားသလိုပဲလို့ ကျွန်တော်တို့က သုံးသပ်မိပါတယ်”ဟု ကားတိုက်ခံရ၍ သေဆုံးသွားသော ဦးမောင်မောင်စိုး၏မိသားစုနှင့်နီးစပ်သည့် အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက လမ်း ၃၀ ၊ ၆၇ လမ်းနှင့် ၆၈ လမ်းကြားတွင် ဆိုင်ကယ်မောင်းနှင်နေသော စည်ပင်သာယာရေးကော်မတီ ယာဉ်မောင်းဝန်ထမ်း အသက် ၇၄ နှစ်အရွယ် ဦးမောင်မောင်စိုးကို 3J-1397 နံပါတ်ပြားပါ အပြာရောင် KIA အမျိုးအစားကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့ပြီး ဦးမောင်မောင်စိုးမှာ အခင်းဖြစ်ပွားသောနေရာတွင်ပင် သေဆုံးသွားခဲ့သည်။
အထက်ပါ အချက်အလက်များကို အခင်းဖြစ်ပွားရာနေရာအနီးရှိ ဖုန်းဆိုင်တစ်ခု၏ CCTV ကင်မရာမှတ်တမ်းများအရ သိရှိရခြင်းဖြစ်ပြီး ကင်မရာမှတ်တမ်းတွင် ယာဉ်တိုက်သွားသော ဖြစ်စဉ်အစအဆုံးကို မြင်တွေ့နိုင်ကာ ယင်းမှတ်တမ်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့သို့လည်းတင်ပြထားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မှုစစ် ရဲအုပ်ကျော်မန်းက ယင်းမှတ်တမ်းသည် သေချာကွဲပြားစွာမမြင်ရသည့်အတွက် ခိုင်လုံခြင်းမရှိဟု ပြောကြားကြောင်း အဆိုပါဦးမောင်မောင်စိုး၏မိသားစုနှင့် နီးစပ်သူက ဆက်လက်ပြောကြားသည်။
“ဒီအမှုကို ဖော်ထုတ်ဖို့ လုပ်နေပါတယ်။ ခုစုံစမ်းသိရှိထားတာကတော့ တိုက်သွားတဲ့ကားက ရန်ကုန်လိပ်စာဖြစ်နေတယ်လို့ သိရပါတယ်။ကျွန်တော်တို့ ရဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်နေပါတယ်။ စုံစမ်းလို့ ရမယ့်နည်းတွေနဲ့
အကုန်လုပ်ဆောင်နေပါတယ်။ အခက်အခဲလေးတွေလည်း ရှိတတ်တဲ့အတွက် ကြန့်ကြာနေတာပါ”ဟု အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့(မန္တလေး) ဒုတိယရဲမှူးကြီးကံသိန်းက ဆိုသည်။
ယာဉ်တိုက်မှုဖြစ်စဉ်များကို ဖော်ထုတ်ရာတွင် ယာဉ်နံပါတ်၊ ယာဉ်အမျိုးအစားများကအစ သိသော်လည်း အချို့ယာဉ်များသည် နံပါတ်အတုများတပ်ဆင်ထားနိုင်သည်များလည်းရှိနိုင်ပြီး အချို့ယာဉ်များသည်လည်း လိုင်စင်မဲ့ကားများဖြစ်နေသည့်အတွက် ဖမ်းဆီးရမိရေးဆောင်ရွက်ရာတွင် ခက်ခဲတတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“တခါတလေကျရင်လည်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်ရာမှာ လိုအပ်တဲ့အချက်အလက်တွေကို သက်ဆိုင်ရာဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းလို့လည်း ကြန့်ကြာနေရတာတွေလည်း ရှိပါတယ်။ ဒီမှာဆိုရင် ကညနကသာ မော်တော်ယာဉ်နဲ့ ပက်သက်တဲ့စာရင်းတွေ ယာဉ်ထိန်းရဲကို ပေးထားမယ်ဆို ပိုလွယ်မှာပါ။ ခုကတစ်ခုခုဆို ကညနကိုသွားပြီး စာတင်ပြီးတောင်းနေရတယ်။ တစ်ခါတလေ ကညနက ထိန်းချုပ်ထားတဲ့ စာရင်းတွေကလည်း ရှိနေသေးတယ်”ဟု ဒုရဲမှူးကြီး ကံသိန်းက ဆိုသည်။
ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းပင် မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၅၄လမ်း ရွာလယ်လမ်းအနီးတွင် အမရပူရမြို့နယ် သံလျက်မှော်တောင်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေမှူးဦးမြင့်လွင်ကို ပြိုင်ကားတစ်စီးက ဝင်တိုက်ထွက်ပြေးသွားသည့် ဖြစ်စဉ်ရှိခဲ့ပြီး တိုက်ပြေးသည့် ပြိုင်ကားကို ရှာမတွေ့သေးကြောင်း ယာဉ်တိုက်ခံရသော ကာယကံရှင် ဦးမြင့်လွင်က ပြောကြားသည်။
“တိုက်ပြေးတဲ့ ကားရဲ့နံပါတ်လည်းသိတယ်ဗျာ။ အရောင်ကလည်း ခဲရောင် ယာဉ်ထိန်းရဲရုံးမှာ အမှုဖွင့်ဖို့ လုပ်တော့လည်း သူတို့ စကားပြောတာက မမိုက်ဘူးဗျာ။ ခင်ဗျားတို့ အဲဒီကားကိုရှာလိုက် တွေ့ရင်လာပြောဆိုပြီးပြောလွှတ်လိုက်တာ။ သူတို့က ကျွန်တော်တို့ကို ရှာခိုင်းပြီး သူတို့က အလုပ်မလုပ်ဘူးဗျ”ဟု ဦးမြင့်လွင်က ထပ်မံဆိုသည်။
မန္တလေးခရိုင်တွင်၂၀၁၅ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၂၄၇ မှု၊ လူသေဆုံးမှု ၁၃၈ မှုနှင့် ဒဏ်ရာရရှိမှု ၁၃၄ မှုရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ထက် ယာဉ်တိုက်မှုလျော့ကျခဲ့ ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

No comments:
Post a Comment