Wednesday, January 6, 2016

နိုးကြားစိတ်ဇွဲ သတ္တိမြဲသော် အောင်ပွဲမုချပိုင်ရမည်



''ဤလူ့ရွာတွင်၊ နေခါခဏ၊ ခေတ်ကာလ၌၊ အတ္တကိုပယ်၊ ပရတည်၍၊ မျိုးနွယ်ကိုစစ်၊ မျိုးချစ်ကိုရှာ၊ မျိုးစောင့်ရာသည်၊ ခွင့်သာချေက စွန့်စားလော့'' အယ်ဒီတာချုပ် တစ်ဦးရေးထားသော နှိုးဆော်စာ ကလေးကို နှစ်သက်မြတ်နိုးစွာ မှတ်သားထားရာမှ ဖော်ပြလိုက်ခြင်းဖြစ်သည်။ ဤနှိုးဆော်စာ ကလေးက တပ်မတော်၏ သမိုင်းဝင် မှတ်တမ်းများကိုရေးသားထားသော စီစီဝမ်တာပန် တိုက်ပွဲကြီး စာအုပ်အရှေ့ပိုင်းတွင် တွေ့ရသည်။


အလျဉ်းသင့်၍ လွန်ခဲ့သော ၂၉နှစ်က စီစီဝမ် တာပန်တိုက်ပွဲဖြစ်စဉ် အကျဉ်းချုပ်ကို ဖော်ပြလိုသည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် လွတ်လပ်ရေးရပြီးနှစ်လကြာသည့်နောက် ၁၉၄၈ခုနှစ် မတ် ၂၈ ရက်တွင် တောခိုသွားရာမှ နှစ်ပေါင်းလေးဆယ်ကြာသော ၁၉၆၈ခုနှစ်တွင် သံလွင်မြစ် အရှေ့ခြမ်းနှင့် အနောက်ခြမ်း၌ လွတ်မြောက်နယ်မြေတည်ထောင်ရန် စစ်ရေးအရှိန်မြှင့်၍ တပ်မတော် တပ်စခန်း များကို သာလွန်အင်အားဖြင့် တိုက်ခိုက်ကြသည်။

၁၉၈၅ ခုနှစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးဒေသရှိ ဗကပမြောက်ပိုင်း ဗျူရိုကိုဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သော်လည်း မြောက်ပိုင်းဗျူရို မဖျက်သိမ်းမီ တိုက်ပွဲကြီး တစ်ပွဲဖော်ထုတ်ရေး အစီအစဉ် ချမှတ်၍ စီစီဝမ်တာပန်ဒေသကို စတင်တိုက်ခိုက်ခဲ့ကြသည်။ ၁၉၈၆ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီအထိ သုံးလကြာသော စီစီဝမ်တာပန် တိုက်ပွဲတွင် ဗကပတို့၏ ခြေကုပ်စခန်းကြီးများ ဖြစ်သည့် မုံးပေါ်၊ ကြူကုတ်(ပန်ဆိုင်း)၊ မန်ဟီးရိုး စခန်းကြီးများကိုပါ တပ်မတော်က သိမ်းပိုက် နိုင်ခဲ့သဖြင့် ဗကပမြောက်ပိုင်းဗျူရိုသည်လည်း လုံးဝပျက်သုဉ်းသွားတော့သည်။

စီစီဝမ်တာပန်တိုက်ပွဲတွင် ဗကပတို့ သိုလှောင်ထားသော ၁ဝ နှစ်စာခဲယမ်းများ ကုန်ဆုံးသွား သည့်အပြင် မြောက်ပိုင်းဗျူရိုမှ အင်အား ၁ဝဝဝ ကျော်ခန့် ထိခိုက်ဒဏ်ရာရ သေဆုံးသွားသဖြင့် ဗကပ တို့ အင်အားချည့်နဲ့သွားခဲ့သည်။ ဗကပတို့သည် ၁၉၈၈ခုနှစ် စက်တင်ဘာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းယန်းတိုက်ပွဲကို ထပ်မံတိုက်ခိုက်ခဲ့သော်လည်း တပ်မတော်က ရွပ်ရွပ်ချွံချွံပြန်လည် တိုက်ခိုက်ခဲ့သဖြင့် ဗကပတို့ ဒုတိယအကြိမ် အထိနာသွားကြသည်။ ၁၉၈၆ ခုနှစ် စီစီဝမ်တာပန် တိုက်ပွဲတွင် အထိနာခဲ့သော ဗကပတို့သည် ၁၉၈၈ ခုနှစ် မိုင်းယန်းတိုက်ပွဲတွင်လည်း ထပ်မံ အထိနာ ကြသောအခါ လက်နက်ကိုင် တိုင်းရင်းသားများက မကျေမနပ်ဖြစ်ကာ ၁၉၈၉ ခုနှစ်တွင် ခွဲထွက် သွားကြလေရာ ဗကပတို့အတွက် ရှင်နည်းရာ အဂ္ဂလူထွက်ဖြစ်ရလေတော့သည်။ ထို့ကြောင့် စီစီဝမ် တာပန်တိုက်ပွဲသည် ဗကပတို့နိဂုံးအတွက် နိဒါန်းပျိုးခြင်းဖြစ်ပြီး မိုင်းယန်းတိုက်ပွဲသည် ဗကပတို့ နိဂုံးဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြခြင်းဖြစ်သည်။ ဤတိုက်ပွဲများတွင် တပ်မတော်(ကြည်း) တပ်ရင်း၊ တပ်ဖွဲ့များ နှင့်အတူ တပ်မတော်(လေ)မှ တိုက်လေယာဉ်များကလည်း စစ်ပွဲ အောင်နိုင်ရေး အတွက် အဓိကကျသော အနီးကပ် လေကြောင်းအကူ (Close Air Support)ကို ထိရောက်စွာ ပေးနိုင် ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှုမှစ၍ တိုင်းရင်းသား ပြည်သူတို့၏ သမိုင်းစဉ်နှင့် အတူရှိသော တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို စွန့်လွှတ်စွန့်စားစွာ အသက်ထက်ဆုံး စောင့်ထိန်းလျက်ရှိသည်။ ဒို့တာဝန်အရေးသုံးပါး တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်သားတို့သည် မိမိအသက်ကို သစ်ယောင်းတစ်ခက်၊ မိမိခန္ဓာကိုယ်ကို ဖက်ရွက်တစ်ညှာ ပမာသူရဲဟူလျက် အသက်ကို ငဲ့ကွက်ဖွယ်မရှိဆိုသည့် စိတ်ဓာတ်ကို ခိုင်ခိုင်မြဲမြဲထားကာ နိုင်ငံနှင့် လူမျိုးအတွက် အသက်နှင့်ခန္ဓာ ပေးလှူ ထားကြသူများဖြစ်သည်။

၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိခန်းမ၌ ကျင်းပ ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက် ချီးမြှင့်ကြသည်။

အခမ်းအနားတွင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ချီးမြှင့် ခံရသူများမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ တစ်ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူရှစ်ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ တစ်ဦး စုစုပေါင်း ၁ဝ ဦးဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ချီးမြှင့်ခံရသူမှာ အမှတ်(၄၁၈) ခြေမြန်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ၆ဝ၆၃၁၈ တပ်ကြပ်ကြီး ကျော်မြသိန်း(ကျဆုံး)ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ကျဆုံးစစ်သည် ကိုယ်စား ဇနီးဖြစ်သူ ဒေါ်စောမြမွန်က လက်ခံရယူသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ် ရရှိသူများတွင် ၎င်းတပ်ရင်းမှ ကိုယ်ပိုင် အမှတ် ၈၆၇၄၁ဝ ဒုတိယ တပ်ကြပ် သိန်းထွန်း (ကျဆုံး) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်စမ်းစမ်းအေးက လက်ခံရယူခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ချီးမြှင့် ခံရသူများတွင် ကိုယ်တိုင် တက်ရောက်ရယူသူများမှာ အမှတ်(၄၁၈) ခြေမြန်တပ်ရင်းမှ ကိုယ်ပိုင်အမှတ်၊ ၆၄၈ဝဝဝ တပ်ကြပ်ကြီး မြင့်လွင်၊ တ/၉၅၇၆၇ တပ်ကြပ် ရဲမင်းစိုး၊ တ/၃၈၃၉၈၆ ဒုတိယတပ်ကြပ် ဝင်းကျော်ဦး၊ တ/၄ဝဝ၁၃ဝ ဒုတိယတပ်ကြပ် ကျော်ခိုင်၊ အမှတ်(၁၄) ခြေမြန်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ/၃၇၉၁၄၄ ဒုတိယ တပ်ကြပ်အောင်ခိုင်၊ အမှတ်(၇၉)ခြေမြန်တပ်ရင်းမှ ကိုယ်ပိုင် အမှတ် တ/၄၆၅၃၅၉ ဒုတိယတပ်ကြပ် စိုးမြင့်သိန်း၊ ငွန်ဆိုင်းပြည်သူ့စစ်(ခေါင်းဆောင်)ဦးထွန်းမြတ်လေးတို့ ဖြစ်သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်ခံရသူမှာ အမှတ်(၁၄) ခြေမြန်တပ်ရင်းမှ ပြန်တမ်းဝင်အမှတ် ကြည်း ၆၄၃၉၉ ဗိုလ်ကျော်ရဲအောင် ဖြစ်သည်။

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ချီးမြှင့်ခံရသူများမှာ ၁၉၄၉ ခုနှစ်မှ ၂ဝ၁၅ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ မှတ်တမ်းများအရ အောင်ဆန်းသူရိယဘွဲ့ ရရှိသူခြောက်ဦး၊ သီဟသူရဘွဲ့ရရှိသူ ၄၇ဦးနှင့် သူရဘွဲ့ ရရှိသူ ၅၂၈ဦးရှိကြောင်း သိရသည်။ အလားတူပင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်နှင့် ဂုဏ်ထူးဆောင် လက်မှတ်ချီးမြှင့်ခံရသော တပ်မတော်သားများရှိကြပါသည်။

လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံတွင် တိုင်းရင်းသားအချင်းချင်း သံသယစိတ်များကြောင့် ပြည်တွင်းစစ် မီးတောက်လောင်ခဲ့ရာ တိုင်းရင်းသား ပြည်သူတို့မှာ လွတ်လပ်ရေး၏အရသာကို အပြည့်အဝ မခံစားကြရပေ။ ၁၉၄၉ခုနှစ်တွင် ရောင်စုံသောင်းကျန်းသူများက တစ်နိုင်ငံလုံး သိမ်းပိုက်ထားကြသဖြင့် အနောက်နိုင်ငံ သတင်းစာများက ''ရန်ကုန်အစိုးရ''ဟု ရေးသားခဲ့ကြသည်။ လွတ်လပ်ရေးအတွက် တိုင်းရင်းသားပြည်သူတို့နှင့်အတူ အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်၍ လွတ်လပ်ရေးကို အရယူပေးခဲ့သော တပ်မတော်သည် လွတ်လပ်ရေး မဆုံးရှုံးစေရန် စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် ၁၉၅၂ခုနှစ်တွင် နိုင်ငံတော်အခြေအနေ တည်ငြိမ်စပြု လာချိန်မှာပင် ပြည်ပကျူးကျော်မှုကို တွန်းလှန်ခဲ့ရသည်။

၁၉၄၉ ခုနှစ် အောက်တိုဘာတွင် တရုတ်ပြည်ယူနန်ပြည်နယ်မှ တရုတ်ဖြူ(ကူမင်တန်) တပ်များအရေးနိမ့်ပြီး ဆုတ်ခွာလာရာ မြန်မာပြည်တွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြသည်မှာ ၁၉၅၃ ခုနှစ်တွင် တရုတ်ဖြူအင်အား ၁၂ဝဝဝ အထိ ရှိလာသည်။ တပ်မတော်သည် ၁၉၅၃ ခုနှစ် မတ်လမှစ၍ တရုတ်ဖြူတပ်များ မောင်းထုတ်ရန် မဟာစစ်ဆင်ရေးနှင့် နဂါးနိုင်စစ်ဆင်ရေးကြီးများ စတင်ဆင်နွှဲခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် မဲခေါင်စစ်ဆင်ရေး ဆင်နွှဲကာ တရုတ်ဖြူများကို အပြီးသတ်မောင်းထုတ်နိုင်ခဲ့သည်။ မဲခေါင် စစ်ဆင်ရေးကာလ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် တပ်မတော်(လေ)မှ လေသူရဲများက စက်လေးလုံးတပ်ရန်သူ လေယာဉ် B-24 လေယာဉ်ကိုပစ်ချနိုင်ခဲ့သည်။ တပ်မတော်(လေ)မှ လေသူရဲတစ်ဦးနှင့် လေယာဉ် တစ်စင်း ဆုံးရှုံးခဲ့ရသည်။

ထိုလေကြောင်းတိုက်ပွဲသည် အရှေ့တောင်အာရှဒေသတွင် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးပြီး နောက်ပိုင်း ပထမဆုံးလေကြောင်းတိုက်ပွဲဖြစ်သည်။
၁၉၄၉ ခုနှစ်မှစ၍ တပ်မတော်က ဆင်နွှဲခဲ့သော ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး သမိုင်းဝင် တိုက်ပွဲကြီးများမှာ အင်းစိန်၊ စော်ဘွားကြီးကုန်း၊ စာဗူးတောင်း၊ သာစည်၊ ပုသိမ်၊ မန္တလေး၊ မိတ္ထီလာ မေမြို့ (ယခုပြင်ဦးလွင်)၊ ဝက်ကော်၊ ဟင်္သာတ၊ ဖြူး၊ ပဲခူး၊ တောင်ငူ၊ ရေနံချောင်း စသည့် ဒေသများ၌ တပ်မတော်က ရွံရွံချွံချွံ တိုက်ပွဲဝင်ကာ ပြည်သူများကြုံတွေ့နေရသော ကျီးလန့်စာစားဘဝမှ ကယ်တင်နိုင်ခဲ့သည်။

အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိသော တပ်မတော်သည် ပဲခူးရိုးမနှင့် ဧရာဝတီ တိုင်းဒေသကြီးတွင်ရှိသော ပြည်တွင်းသောင်းကျန်း မှုများကို ပြည်သူတို့နှင့်အတူ လက်တွဲချေမှုန်း နိုင်ခဲ့သဖြင့် ၁၉၆၈ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးကို အဖြူရောင်နယ်မြေ သတ်မှတ်နိုင်ခဲ့ပြီး ၁၉၇၅ခုနှစ် မတ် ၁၅ရက်တွင် ဗကပဗဟိုကို အပြီးတိုင်ချေမှုန်းလိုက်နိုင်သည့်နောက် ပဲခူးရိုးမတစ်ခွင် အဖြူရောင်နယ်မြေ သတ်မှတ်နိုင်ခဲ့သည်။ တခြားသမိုင်းဝင် တိုက်ပွဲများမှာ ၁၉၇၁ ခုနှစ် ကွမ်းလုံ ရက်ပေါင်း ၄ဝ တိုက်ပွဲ၊ ၁၉၇၈ ခုနှစ်တွင် ပွိုင့် ၆ဝ၄၁ တိုက်ပွဲ၊ ၁၉၈၆ ခုနှစ်တွင် စီစီဝမ်တာပန်တိုက်ပွဲ၊ ပါဂျိုနားဖော့ စခန်းသိမ်းတိုက်ပွဲနှင့် ၁၉၈၈ ခုနှစ်တွင် မိုင်းယန်းမဲသဝေါ တိုက်ပွဲတို့ ဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် မင်းမဲ့စရိုက်များ လွှမ်းမိုးကာ ပြည်သူများ အသက်ကို ဖက်နဲ့ထုပ်ထားရချိန်တွင် နိုင်ငံတော်၏ ရေပြင်ပိုင်နက်နယ်မြေအတွင်း ပြည်ပမှ စစ်သင်္ဘောသုံးစင်း ဝင်ရောက်လာသဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာ ဆုံးရှုံးရမည့် အခြေအနေကြောင့် တပ်မတော်က နိုင်ငံတော် အရပ်ရပ်ကို ထိန်းသိမ်းရန် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ရက်တွင် နိုင်ငံတော်ကို တာဝန်ယူခဲ့သည်။ ပြည်သူများလိုလား တောင့်တနေသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းမှုကြောင့် ၁၉၈၉ ခုနှစ်မှစ၍ တောတွင်းလက်နက်ကိုင်အဖွဲ့များ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြပြီး မိမိတို့ဒေသဖွံ့ဖြိုးရေးကို နိုင်ငံတော်အစိုးရနှင့် လက်တွဲဖော်ဆောင်ခဲ့ကြသဖြင့် ငြိမ်းချမ်းသောဒေသများ ဖွံ့ဖြိုးတိုးတက် နေကြပါပြီ။ ၂ဝ၁၁ခုနှစ်မှ စ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ဆက်လက် ကြိုးပမ်းနေသော ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း တပ်မတော်က ပါဝင်ဆောင်ရွက် လျက်ရှိသည်။ ဤသည်တို့မှာ တပ်မတော်၏ အမျိုးသားရေးနိုးကြားစိတ်နှင့် ဇွဲသတ္တိခိုင်မြဲစွာ ရပ်တည်မှု ပင်ဖြစ်သည်။

ထို့ကြောင့် လွတ်လပ်ရေးအတွက် အသက်၊သွေး၊ချွေးပေးဆပ်ရယူပေးခဲ့ကြသော အာဇာနည်ပုဂ္ဂိုလ် ကြီးများနှင့် လွတ်လပ်ရေးအမွေကို ဆက်လက်ထိန်းသိမ်းကာကွယ်လျက်ရှိသော မျိုးချစ်ပုဂ္ဂိုလ် များအား ဂုဏ်ပြုသောအားဖြင့် ဆရာဇော်ဂျီ၏ ''၁၉၄၈ခုနှစ် လွတ်လပ်ရေးနေ့အတွေး''ကဗျာမှ သွေးစက်နှင့် ကျမျက်ရည်၊ ပြည်နိုင်ငံ့ အရေး၊ လူ့လမ်းစဉ်လူ့ခရီးမှာ စီးရတယ်လေး။---။ စီးခဲ့တဲ့သွေးမျက်ရည်၊ ပြည်နိုင်ငံ့အရေး၊ စာတေးသည်မြိုင်ချောင်က၊ သည်ကလောင် ရောင်ခြည်လွှတ်၊ ဦးညွှတ်တယ်လေး ဆိုသော စာပိုဒ်များကို ကောက်နုတ်ဖော်ပြ ဂါရဝပြု အပ်ပါသည်။

အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ။

ခိုင်ကျော်ညို



No comments: