Wednesday, January 13, 2016

အစ္စတန်ဘူလ်မြို့ရှိ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး ၁ဝ ဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရ




အစ္စတန်ဘူလ် ၊ ၁၃-၁-၂ဝ၁၆

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ရှိ ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်ရာ နေရာတွင် ဇန်နဝါရီ ၁၂ ရက်က အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁ဝ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားထားသည်။

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုသည် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပြီး နေ့စဉ် ကမ္ဘာလှည့် ခရီးသွား ထောင်ပေါင်းများစွာ လာရောက် လည်ပတ်လေ့ ရှိသည့် သမိုင်းဝင် အမွေအနှစ်များ ထိန်းသိမ်းထားရာ ဆူလ်တန်အာမတ် ရင်ပြင်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းဗုံးခွဲ တိုက်ခိုက်မှုသည် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်နွှယ်လျက် ရှိကြောင်း အမည်မဖော်လိုသူ တူရကီ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

အခင်းဖြစ်ပွားရာ နေရာသည် နာမည်ကျော် Blue ဗလီနှင့် Hagia Sophia ဘုရား ရှိခိုးကျောင်းတို့ အနီး၌ဖြစ်ပြီး အခင်းဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့နှင့် လူနာတင်ယာဉ်များ ရောက်ရှိလာကာ ဒုတိယအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားနိုင်သည့် အတွက် သတိပေးချက် ထုတ်ပြန် ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် အကြမ်းဖက် သမားများကို စုံစမ်း ထောက်လှမ်းမှုများ လုပ်ဆောင်လျက် ရှိကြောင်း အစ္စတန်ဘူလ် မြို့တော်ဝန်ရုံး၏ အစောပိုင်း ထုတ်ပြန်ချက်ကို ကိုးကား၍ Dogan သတင်းဌာနက ဖော်ပြ ထားသည်။

ထို့နောက် ပေါက်ကွဲမှု ဖြစ်ပွားရခြင်းသည် ဆီးရီးယားနိုင်ငံသား တစ်ဦး၏ အသေခံဗုံး ဖောက်ခွဲ မှုကြောင့် ဖြစ်ကြောင်း၊ ယင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူများတွင် နိုင်ငံခြားသား များနှင့် တူရကီ နိုင်ငံသား များ ပါဝင်ကြောင်း နှင့် ထိုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချကြောင်း တူရကီ သမ္မတ အာဒိုဂန် က အတည်ပြု ပြောကြား ထားသည်။

တူရကီနိုင်ငံသည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အကြမ်းဖက်အဖွဲ့၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံနေရသည့် နိုင်ငံတစ်ခု ဖြစ်လာလျက်ရှိပြီး ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ က အန်ကာရာမြို့ရှိ ဘူတာရုံ၌ အသေခံ ဗုံးဖောက်ခွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၁ဝ၃ ဦးသေဆုံး ခဲ့သည်ဟု သိရသည်။

ထို့ပြင် ဒီဇင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် အစ္စတန်ဘူလ်မြို့ ၏ ဒုတိယ အပြည်ပြည် ဆိုင်ရာလေဆိပ် အား တိုက်ခိုက်မှုကို ကာ့ဒ်ခွဲထွက် အဖွဲ့ဖြစ်သည့် TAK အဖွဲ့က လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့က ဝန်ခံပြောကြား ထားပြီး ယင်း တိုက်ခိုက်မှုတွင် သန့်ရှင်းရေး ဝန်ထမ်းတစ်ဦး သေဆုံးကာ လေယာဉ် အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments: