ရီယတ် ဇန်နဝါရီ ၈
ယီမင်နိုင်ငံရှိ အီရန်သံရုံးကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံရမှုသည်
ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များက
တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံ၏ စွပ်စွဲချက်ကို
ဆော်ဒီအာရေဗျနိုင်ငံက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
ယီမင်နိုင်ငံ ဆာနားမြို့တော်ရှိ အီရန်သံရုံးကို ဆော်ဒီ အာရေဗျနိုင်ငံက
ဗုံးကြဲတိုက်ခိုက်သည့်အတွက် ပျက်စီးသွားခဲ့ပြီး သံရုံးဝန်ထမ်းများ
ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောရေးဆိုခွင့် ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားလျက် အီရန်
နိုင်ငံပိုင်သတင်းမီဒီယာက ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ဆော်ဒီအာရေဗျနှင့် အာရပ်မဟာမိတ်နိုင်ငံများသည် လွန်ခဲ့သည့်နှစ် မတ်လကတည်းက
ယီမင်နိုင်ငံရှိ အီရန် ထောက်ပံ့ထားသော ရှီးယိုက်သောင်းကျန်းသူများကို
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
အီရန်နိုင်ငံ၏ စွပ်စွဲချက်သည်မှားယွင်းကြောင်းနှင့်
အာရပ်ညွန့်ပေါင်းတပ်ဖွဲ့များသည် အီရန်သံရုံးအနီးတွင်
လေကြောင်းစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံပိုင်
သတင်းအေဂျင်စီက ဇန်နဝါရီ ၇ ရက် တွင် ထုတ်ပြန်ကြေညာသည်။ သံရုံးမှာ
အန္တရာယ်ကင်းရှင်းပြီး အပျက်အစီးမရှိဟု ပြောကြားသည်။
ညွန့်ပေါင်းတပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုသည် အီရန်သံရုံးနှင့်
တစ်ကီလိုမီတာနီးပါးအကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗုံးကြဲမှုကြောင့်
အပျက်အစီးအမှိုက်သရိုက်များ သံရုံးထဲထိ ပျံ့နှံ့သွားခဲ့ကြောင်း၊ သို့သော်
သံရုံးမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားသည့် လက္ခဏာ မတွေ့ရကြောင်း
သံရုံးအနီးရှိ လူတစ်ဦးက အင်န်အိတ်ခ်ျကေ သတင်းဌာနသို့ ပြောကြားသည်။
အီရန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ယခု လောလောဆယ်တွင် နှစ်နိုင်ငံကြား
ဆက်ဆံရေးအခြေအနေ ဆိုးရွားလျက်ရှိသည့်နိုင်ငံများဖြစ်သည်။ ဆော်ဒီအာရေဗျက
ရှီးယိုက်ဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်ခဲ့မှုအတွက် မကျေနပ်သည့်
အီရန်နိုင်ငံသားများ က အီရန်ရှိ ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ကြသည်။
ထို့ကြောင့် ဆော်ဒီအာရေဗျနိုင်ငံက အီရန်နိုင်ငံနှင့် သံတမန် ဆက်သွယ်မှု
ဖြတ်တောက်ထားသည်။
အင်န်အိတ်ခ်ျကေ
No comments:
Post a Comment