Saturday, January 9, 2016

ရှမ်းပြည်နယ်တွင် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ စတင်ဖွဲ့စည်းမည်

The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၈
ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMCU)ကို ရှမ်းပြည်နယ်တွင် စတင်ဖွဲ့စည်းရန်အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း တတိယအကြိမ်မြောက်ကျင်းပသည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၏ ဒုတိယနေ့အစည်းအဝေးမှ သိရသည်။
အဆိုပါ ဒုတိယနေ့အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)၌ ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအစည်းအဝေးသို့ နှစ်ရက်တာတက်ရောက်၍ ဆွေးနွေးခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(အတွင်းရေးမှူး-၁)ဒေါက်တာ ရွှေခါးက ''ကျွန်တော်တို့နှစ်ရက်တာ ဆွေးနွေးတဲ့အထဲမှာ အဓိကအားဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွေကို အထောက်အကူပြုမယ့် နည်းပညာအထောက်အကူပြု အဖွဲ့ဖွဲ့မယ်။ (JMC) ကို ပြည်ထောင်စုအဆင့်အတွက်ရော၊ ပြည်နယ်အဆင့်အတွက်ရော၊ ဒေသန္တရအဆင့်အတွက်ပါ ဘယ်လို လုပ်ဆောင်မလဲဆိုတာ ဆွေးနွေးခဲ့တယ်။ သဘော တူညီမှုလည်းရတယ်။ ဒုတိယအချက်အနေနဲ့ကတော့ အဲဒီလို စင်တာတွေ၊ ရုံးတွေလုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ ဘတ်ဂျက်ကိစ္စကိုလည်း သဘောတူညီမှုရခဲ့ပါတယ်။ တတိယတစ်ခုကတော့ မကြာခင်မှာ ရှမ်းပြည်နယ်ကိုသွားပြီး ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMCU)ကို သွားရောက် ဖွဲ့စည်းမှာပါ။ မနက်ဖြန်မှာ စလုပ်မယ်''ဟု အစည်းအဝေး အပြီးတွင် တက်ရောက်လာသောမီဒီယာများအား ဖြေကြားသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၏လုပ်ငန်းများ အဆင့်ဆင့် လုပ်ဆောင်ရန်အတွက် သုံးနှစ်စာအနေဖြင့် အမေရိကန် ဒေါ်လာ ၂၁ သန်းကျော်ခန့် လိုအပ်လျက်ရှိသည်။ အလှူရှင် အနေဖြင့် သတ်သတ်မှတ်မှတ်မရှိသေးသော်လည်းUN ဘက်ကကော၊Joint Peace Fan ဘက်ကကော ကူညီ သွားရန် ဆန္ဒရှိကြောင်း ဒေါက်တာရွှေခါးထံမှ သိရသည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMCU)၏ အတွင်း ရေးမှူးဗိုလ်မှူးကြီးဝဏ္ဏအောင်က ''ရှမ်းပြည်နယ်မှာတော့ ပြည်နယ်အဆငJMCUစဖွဲ့မယ်။ ကျွန်တော်တို့ကNCA စာချုပ်ပါအတိုင်း ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် အလှူရှင်တွေ မလှူခင်မှာလည်း ဒီလုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်သွားမယ်။ ရှမ်းပြည်နယ် မှာ JMCU အတွက် ဖွဲ့စည်းပြီးသွားရင် တနင်္သာရီ၊ မွန်နဲ့ ပဲခူးတို့မှာ ဆက်လက်လုပ်ဆောင်သွားမယ်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာတော့ တနင်္သာရီမှဲာဃြ့ ဖွဲ့ဖို့အတွက် ဆက်လုပ်မယ်''ဟု ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတ(JMCU) များ ဆက်လက်ဖွဲ့စည်းသွားမည့်ကိစ္စနှင့်ပတ်သက်၍ ပြောကြားသည်။
တတိယအကြိမ်မြောက် ကျင်းပသည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၏ နှစ်ရက်တာဆွေးနွေးမှုများတွင် ဗဟိုအလုပ် အဖွဲ့နှင့် ပြည်နယ်အဆင့် အမြဲတမ်းရုံးအဖွဲ့၏ လုပ်ငန်း လမ်းညွှန်နှင့် ဝန်ထမ်းများခန့်ထားမှုပုံစံအား အတည်ပြု ခြင်း၊ ဘတ်ဂျက်လျာထားမှုကို အတည်ပြုခြင်း၊ ရှမ်းပြည်နယ် အတွင်းရှိ ဖြစ်စဉ်များနှင့် အခြားဒေသများရှိ ဖြစ်စဉ်များ အပေါ်ဆွေးနွေးခြင်း၊ ရှမ်းပြည်နယ် အပစ်အခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် အခြား ပြည်နယ်ကော်မတီများအား ဖွဲ့စည်းခြင်းကိစ္စ ဆွေးနွေးခြင်း၊ အလှူရှင်နိုင်ငံများနှင့်တွေ့ဆုံမည့် ကိစ္စ ရပ်များဆွေးနွေးခြင်းတို့အား ဆောင်ရွက်နိုင်ခဲ့ကြသည်။
(သတင်း-ရဲခေါင်ညွန့်၊ ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်)

No comments: