အစိုးရအနေနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို အုပ်စုခွဲချေမှုန်းရန် ကြံစည်ကြောင်း သံသယရှိဟု UNFC ထုတ်ပြန်
---------------------------------
ရန်ကုန်၊ အောက်တိုဘာ ၁၀
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စတွင် အစိုးရအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့်သာ လက်မှတ်ရေးထိုးရန် လုပ်ဆောင်ခြင်းသည် စုစည်းနေသော အတိုက်အခံ တိုင်းရင်းသား အင်အားစုများကို အုပ်စုခွဲ၍ ချေမှုန်းရန် ကြံစည်သည့် လုပ်ရပ်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အောက်တိုဘာ ၁၀ ရက်တွင် သဘောထား ထုတ်ပြန်ထားသည်။
ထို့အပြင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းသည် လက်မှတ်ရေးထိုးရန် ဖိအားပေးသည့် သဘောဆောင်နေပြီး နှစ်ပေါင်း ၇၀ နီးပါး အင်အားသုံး ဖိအားပေးဖြေရှင်း၍ မရနိုင်သည့်နည်းနာကို တစ်ဖန်ပြန်၍ အသက်သွင်းနေခြင်း ဖြစ်ကြောင်း UNFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေကို ခွဲခြားချဉ်းကပ်တာ မဟုတ်ပါဘူး။ အားလုံးကို တံခါးဖွင့်ထားတယ်လို့ ပြောထားပြီးသားပါ။ အခု လက်မှတ်ရေးထိုးတာကလည်း အရင်က အပစ်ရပ် လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေက များပါတယ်။ ငြိမ်းချမ်းရေး ဆိုတာက တစ်ခါတစ်ခါမှာ စွန့်စားမှုလို့မြင်တယ်။ အစိုးရအနေနဲ့လည်း အခုလုပ်နေတာက ငြိမ်းချမ်းရေးအတွက် အခြေခံ အုတ်မြစ်ချနေတာဖြစ်လို့ ဒီအတိုင်းပဲ ဆက်လုပ်တယ်လို့ မြင်တယ်” ဟု တုံ့ပြန်ပြောဆိုသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့တို့ လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် NCA လက်မှတ်ရေးထိုးမှုတွင် ပါဝင်ခြင်း မရှိသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းတပ်မတော် (PSLF/TNLA) အဖွဲ့၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
“လက်မှတ်မထိုးနိုင်သေးတဲ့ မွန်ပြည်သစ်ပါတီ၊ KNPP အဖွဲ့တွေနဲ့ အစိုးရက ၂၀၁၂ ခုနစ်ကတည်းက လက်မှတ်ထိုးထားတာ။ အခုအချိန်ထိလည်း တိုက်ပွဲမဖြစ်တော့ဘူး။ အခုတိုက်ပွဲဖြစ်နေတာက ရှမ်းမြောက်နဲ့ ရှမ်းပြည်နယ် အစပ်တွေမှာ ဖြစ်နေတာပေါ့။ ကျွန်တော်ကတော့ လက်မှတ်မထိုးလို့ ထိုးစစ်ဆင်တယ်လို့ မယူဆဘူး။ ဒေသနှစ်ဖက်ကြားမှာ လတ်တလောဖြစ်တဲ့ အကြောင်းကြောင်းတွေကြောင့် ဖြစ်တယ်လို့ မြင်တယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။
ထို့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှ နိုင်ငံရေးပြဿနာကို အေးချမ်းစွာ တွေ့ဆုံဖြေရှင်းရေးဟု သမ္မတနှင့် အစိုးရအဖွဲ့ဝင်များက ကြွေးကြော်နေသော်လည်း တပ်မတော်က စစ်ရေးကို အရှိန်မြှင့် တိုက်ခိုက်နေခြင်းသည် ပြည်သူကို မျက်စေ့လည်အောင် လှည့်စားနေသည့် နည်းဗျူဟာကို ကျင့်သုံးနေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကို အစစ်အမှန် လိုလားသော အစိုးရ မဟုတ်ကြောင်း သက်သေပြလာခြင်းပင် ဖြစ်သည်ဟု UNFC ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment