Thursday, October 29, 2015

ယနေ့နိုင်ငံရေးအခြေအနေသုံးသပ်ချက် အပိုင်း (၁)

ယနေ့နိုင်ငံရေးအခြေအနေသုံးသပ်ချက် အပိုင်း (၁)
.
(၂၀၁၅) အထွေထွေရွေးကောက်ပွဲမတိုင်မီ မြန်မာ့နိုင်ငံရေးအခြေအနေကိုသုံးသပ်ပေးပါဆိုပြီး မိတ်ဆွေတစ်ချို့ကတောင်းဆိုကြပေမယ့် ကျွန်တော်လက်နှေးနေမိပါတယ် …
အကြောင်းက ဒီတိုင်းပြည်မှာ ဆရာ့ဆရာကြီးများ စာရင်းက လိုသည်ထက်ပိုများပြားနေတာကြောင့်ပါပဲ … သူတို့ပြောတာတွေ လေ့လာပြီးသုံးသပ်နိုင်ကြမှာပဲလေဆိုပြီး ကျွန်တော် လက်ချုပ်ထားခဲ့ပါတယ် ။
.
သို့ပေမယ့် လေ့လာကြည့်တဲ့အခါမှာ တင်ပြချက်အများစုဟာ အတိတ်အခြေအနေနဲ့ ပစ္စုပ္ပာန်အခြေအနေကို ဆက်စပ်ပေးပြီး အနာဂါတ်ကာလ အခြေအနေများကို မှန်းဆကြည့်နိုင်အောင် တင်ပြနိုင်တာမျိုး နည်းပါးပြီး ရွေးကောက်ပွဲပြီးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတဲ့ ဟောကိန်းတွေကို ဗေဒင်ဟောနေကြတာကသာများပါတယ် ။
.
အမှန်တကယ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရွေ့ (Political paradigm) ဟာ ဘယ်အဆင့်အထိရွေ့ခဲ့တယ်ဆိုတာကို လက်တွေ့ကျကျသုံးသပ်ပြီး နောင် (၅) နှစ်အတွင်းမှာ ဘယ်အခြေအနေအထိဖြစ်သင့်တယ် … ဒီအတွက် ဘယ်လိုအခြေအနေတွေကို ဖန်တီးရမယ် … ဘာလုပ်သင့်တယ် ဆိုတဲ့ (Trending) တစ်ခုရှိရပါမယ် … အစိုးရအုပ်ချုပ်ရေးပိုင်းကလည်း ဒါကိုလုပ်ရမယ် … နိုင်ငံရေးပါတီတွေကလည်း ဒါကိုလုပ်ရမှာပဲဖြစ်ပါတယ် ….
.
ပြီးခဲ့တဲ့ (၅) နှစ်တာကာလကို ယေဘူယျအားဖြင့်သုံးသပ်ရမယ်ဆိုလျှင် အစိုးရအုပ်ချုပ်ရေးကဏ္ဍ ၊ ဥပဒေပြုရေးကဏ္ဍ ၊ ကာကွယ်ရေး ကဏ္ဍ ၊ သီးခြားအဖွဲ့အစည်းများကဏ္ဍတွေရဲ့ ဆောင်ရွက်မှုအခြေအနေကိုသုံးသပ်ပြီး ပကတိနိုင်ငံရေးအခြေအနေများနဲ့ ဆက်စပ်စဉ်းစားရမှာဖြစ်ပါတယ် ။
.
(၂၀၁၀) မှာ အရပ်သားအစိုးရဖွဲ့စည်းပေါ်ပေါက်လာပြီးနောက်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဖြေလျော့မှုတွေကို ဆောင်ရွက်ပေးခဲ့ပါတယ် … အစိုးရအဖွဲ့က တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်များပဲဖြစ်ပါတယ် ။
နိုင်ငံရေးဆိုင်ရာ ဖြေလျော့မှု
အုပ်ချုပ်ရေးဆိုင်ရာ ဖြေလျော့မှု
စီးပွားရေးဆိုင်ရာ ဖြေလျော့မှု
စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ဖြေလျော့မှုများကို
ဥပဒေပြု လွှတ်တော်ဆောင်ရွက်ချက်များနဲ့ ချိန်ကိုက်ပြီးဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် (၂၀၁၃) အထိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အတန်အသင့် အောင်မြင်မှုရခဲ့သလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို အတိုင်းအတာတစ်ရပ်အထိရရှိခဲ့ပြီး မြန်မာနိုင်ငံအပေါ် တင်းကျပ်မှုဖိအားများကို လျှော့ချနိုင်ခဲ့ပါတယ် ။
.
ဆယ်စုနှစ်များချီပြီး နိုင်ငံတကာနဲ့ အဆက်အသွယ်ပြတ်နေရာကနေ မျိုးချစ်စိတ်ရှိတဲ့ မြန်မာခေါင်းဆောင်များအကြားမှာ မည်သည့် ပြင်ပဖိအားမှ မပါရှိပဲ အောင်မြင်စွာဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ခဲ့ပြီး ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် မြင့်တက်နေချိန်မှာ
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီပြသနာဖြစ်ပွားခဲ့ပြီး ၊ အနောက်နိုင်ငံများရဲ့ ဖိအားပေးမှုကို ရင်ဆိုင်ခဲ့ရသလို ကိုးကန့်စစ်ပွဲဖြစ်ပွားခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများရဲ့ စောင့်ကြည့်ခြင်းကိုလည်း ခံခဲ့ရပါတယ် ။
တဖန် ပြည်တွင်းမှာလည်း (၂၀၀၈) အခြေခံဥပဒေဆိုင်ရာပြုပြင်ရေးလှုပ်ရှားမှုများ အပြင်းအထန်ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်တည်ငြိမ်ရေးဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးထက်ပိုပြီး ဦးစားပေးလုပ်ကိုင်ရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ် ။
.
နိုင်ငံရေးအားပြိုင်မှုများဟာ နိုင်ငံရေးအကျပ်အတည်းဆီကို ဦးတည်ရွေ့နေတဲ့ နိုင်ငံရေးလွန်ဆွဲပွဲများဖြစ်လာနေပါတယ် …. ဒီအခါမှာ နိုင်ငံရေးအရွေ့တစ်ခုကို ပီပီသသဖေါ်ဆောင်ချင်တဲ့ အင်အားစုများနဲ့ နိုင်ငံရေးအာဏာကို ရယူကိုင်တွယ်ကျင့်သုံးလိုတဲ့ အင်အားစုများ အကြားမှာ အကျိုးစီးပွားချင်းဆန့်ကျင်လာနေပြီး မကြေငြာတဲ့ စစ်ပွဲတစ်ပွဲ (Undeclared War) လို ဖြစ်ပေါ်လာပါတယ် ။
.
(ကျော်သူငြိမ်း)

No comments: