Wednesday, October 28, 2015

လျှပ်စစ်ရထား နိုဝင်ဘာလတွင် စတင်ပြေးဆွဲမည်

လျှပ်စစ်ရထား နိုဝင်ဘာလတွင် စတင်ပြေးဆွဲမည်

ရန်ကုန်၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံတွင် နှစ်ပေါင်းတစ်ရာကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ပြေးဆွဲမည့် လျှပ်စစ်ရထားကို ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် နိုဝင်ဘာလပထမပတ်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

"လကုန်ကျရင် လျှပ်စစ်နဲ့လွှတ်ကြည့်မယ်။ ရှေ့လပထမပတ်မှာတော့ စဆွဲနိုင်မယ်ထင်တယ်။ ဒီရထားအတွက် ဂျပန်ကနေလာပြီးတော့ သင်တန်းပေးဖို့လည်းရှိတယ်"ဟု ၎င်းကဆိုသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ West Corporation တို့ပူးပေါင်းစီစဉ်ထားသည့် စီမံကိန်းအရ အပိုင်း (၁) Phase 1 ကို ဝါးတန်းလမ်းမှ ပန်းဆိုးတန်း၊ အပိုင်း(၂) Phase 2 ကို ကြည့်မြင်တိုင်မှ ထော်လီကွေ့၊ အပိုင်း (၃) Phase 3 ကို ပန်းဆိုးတန်းမှ လင်းစဒေါင်းအထိ သတ်မှတ်ထားကြောင်း၊ နိုဝင်ဘာလဆန်းပိုင်းတွင် ဝါးတန်းလမ်းမှ ပန်းဆိုးတန်းလမ်းကြောင်းကို ပထမဆုံးစတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အကြီးတန်းအရာရှိများက ပြောကြားသည်။

"လျှပ်စစ်ရထားပြေးနိုင်အောင် သံလမ်းတစ်ခု ထပ်ဖောက်ရသေးတယ်။ ကျန်တဲ့ Phase 2 မှာက ဓာတ်တိုင်၊ မီးကြိုးလုပ်ဖို့ပဲ ကျန်တော့တယ်။ Phase 3 ကတော့ တော်တော်ကျန်သေးတယ်"ဟု မြန်မာ့မီးရထား တိုင်း(၇)၊ အင်ဂျင်နီယာဌာနမှ အရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းစီမံကိန်းအတွက် သံလမ်းနှင့်ရထားဘီးများ ကိုက်ညီမှုရှိစေရန် အောက်တိုဘာ ၂၆ ရက်က ကမ်းနားလမ်းတစ်လျှောက် ဝါးတန်းလမ်းမှ ပန်းဆိုးတန်းလမ်းအထိ အရန်လျှပ်စစ်ရထားစက်ခေါင်းတွဲကို လျှပ်စစ်ဓာတ်အားမပါဘဲ မီးရထားစက်ခေါင်းအကူအညီဖြင့် ကနဦးစမ်းသပ်မောင်းနှင်ခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

လျှပ်စစ်ရထားပြေးဆွဲနိုင်ရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ညှိနှိုင်းထားပြီးဖြစ် သော်လည်း လျှပ်စစ်ရထားလက်မှတ်ခနှုန်းထားများကိုမူ သတ်မှတ်ထားခြင်းမရှိသေးကြောင်း ယင်းဌာနထံမှ သိရသည်။
ရန်ကုန်မြို့တော်တွင် ၁၉၀၄ ခုနှစ် ပတ်ဝန်းကျင်က လျှပ်စစ်ရထားများ ပြေးဆွဲခဲ့နိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ပြေးဆွဲနိုင်ခြင်းမရှိတော့ဘဲ နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီးမှသာ ပြန်လည် ပြေးဆွဲနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

No comments: