Wednesday, October 28, 2015

အမေရိကန်ဒေါ်လာလဲနှုန်း ဆက်တိုက်ကျဆင်း

အမေရိကန်ဒေါ်လာလဲနှုန်း ဆက်တိုက်ကျဆင်း ------------------------------------- ယခင်အစိုးရလက်ထက်က ထုတ်ဝေပေးခဲ့သည့် နိုင်ငံခြားငွေကြေး လက်ခံကိုင်ဆောင်ခွင့် လိုင်စင်များ ပြန်လည် ရုပ်သိမ်းမည်ဟု ကြေညာပြီးနောက်ပိုင်း မှစ၍ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ ဆက်တိုက် ကျဆင်းလာကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။ စက်တင်ဘာလအတွင်းက တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့သော ကန်ဒေါ်လာ လဲလှယ်နှုန်းထားများမှာ အောက်တိုဘာလ ၂၇ ရက် နေ့တွင် ဗဟိုဘဏ် ရည်ညွှန်းသတ်မှတ် နှုန်းထား ၁၂၇၉ ကျပ်သာ ရှိတော့၍ ဘဏ်များနှင့် တရားဝင်ကောင်တာ ပေါက်ဈေး ၁၂၇၇ ကျပ်အထိ ပြန်လည် ကျဆင်းလာကြောင်း ဘဏ်လုပ်ငန်းရှင်များ ထံမှ သိရသည်။ ယခုကာလသည် ဒေါ်လာဈေး အေးလေ့ရှိသည့် ကာလ ဖြစ်သည့်အပြင် ပြည်တွင်း၌ ကျပ်ငွေဖြင့်သာ ငွေပေးချေရန် နိုင်ငံခြား ငွေကြေးလိုင်စင် ပြန်လည် ရုပ်သိမ်းပြီးနောက် ဒေါ်လာဝယ်လိုအား ကျဆင်း၍ ရောင်းလိုအား ကျဆင်းလာခြင်း ကြောင့် ဈေးများ ကျဆင်းလာခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင် များက ပြောကြားသည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် စတင်ကျဆင်းခဲ့သော အမေရိကန် ဒေါ်လာဈေးမှာ ပြင်ပဈေးကွက် ၌လည်း လိုက်လံ ကျဆင်းလျက်ရှိပြီး တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၇၅ ကျပ်သာ ရှိကြောင်း အဆိုပါဈေးကွက် အတွင်းထံမှ သိရသည်။ “လိုင်စင်ပြန်သိမ်းလိုက်ပြီး ကျပ်ငွေပဲ သုံးရမယ်ဆိုတဲ့ အခါကျတော့ ဈေးကွက်ထဲမှာ ဝယ်လိုအားက အရင်ထက် နည်းလာတယ်” ဟု Myanmar Payment Union အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ဆိုသည်။ ထို့အတူ ပွင့်လင်းရာသီ ရောက်ရှိပါက နိုင်ငံခြားခရီးသွား ဝင်ရောက်မှု များပြားပါကလည်း ဈေးကွက်အတွင်း ဒေါ်လာအဝင် ပိုများလာနိုင်ကြောင်း ဘဏ်လုပ်ငန်းရှင်များက သုံးသပ် ပြောဆိုသည်။ အမေရိကန် ဒေါ်လာဈေးများမှာ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ၁၂၈၇ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့သော်လည်း နိုင်ငံခြားငွေကြေး လက်ခံကိုင်ဆောင်ခွင့် လိုင်စင်များ ပြန်လည်စတင် အပ်နှံရသည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ၁၂၈၀ ကျပ်သို့ ကျဆင်းလာခြင်း ဖြစ်ကြောင်း ပြည်တွင်းဘဏ်များထံမှ သိရသည်။ ယခုနှစ်အတွင်း ဒေါ်လာဈေးများ စံချိန်တင် မြင့်တက်ခဲ့ပြီး နောက်ပိုင်း ပြည်တွင်း ငွေပေးချေမှုများတွင် ကျပ်ငွေ အသုံးပြုရန် ညွှန်ကြားခြင်း အပါအဝင် နိုင်ငံခြားငွေကြေးနှင့် ပတ်သက်၍ ရေတို၊ ရေရှည်လုပ်ငန်းများ လုပ်ဆောင်လာပြီး ပြည်တွင်းဘဏ် ပညာရှင်များက မြန်မာ နိုင်ငံတော် ဗဟိုဘဏ်တွင် နိုင်ငံခြား ငွေကြေး ကျွမ်းကျင်ပညာရှင် ထားရှိရန် လိုအပ်ကြောင်း အကြံပြုထားသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အောက်တိုဘာလ ၁၆ ရက်နေ့တွင် နိုင်ငံခြားငွေ လက်ခံ ကိုင်ဆောင်ခွင့် လိုင်စင်များ ပြန်လည်အပ်နှံရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဒေါ်လာပေါက်ဈေးများမှာ ဘဏ်များတွင် ဝယ်ဈေး ၁၂၇၂ ကျပ်၊ ရောင်းဈေး ၁၂၇၇ ကျပ်ရှိ၍ ပြင်ပဈေးကွက်တွင် ၁၂၇၅ ကျပ်ဝန်းကျင် ရှိသည်။

No comments: