Friday, October 30, 2015

ပခုက္ကူမြို့နယ် NLD ပါတီရုံးခန်း၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပါတီဝင်တစ်ဦးကို ထိုးကြိတ်

ပခုက္ကူမြို့နယ် NLD ပါတီရုံးခန်း၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပါတီဝင်တစ်ဦးကို ထိုးကြိတ်

အောက်တိုဘာ ၃၀၊ ၂၀၁၅

အောက်တိုဘာ ၂၉ ညပိုင်းက ပခုက္ကူမြို့နယ် NLD ရုံးခန်း၌ တိုင်းလွှတ်တော်အမှတ် ၁ ကိုယ်စားလှယ်လောင်း ကိုဟန်ဇော်ဝင်း အရက်မူးရမ်းကားပြီး NLD အဖွဲ့ဝင်တစ်ဦးနှင့် စကားများရန်ဖြစ်ကြသည်ဟု ပခုက္ကူမြို့နယ် NLD ပါတီဝင်တစ်ဦးမှ ပြောကြားသည်။

ကိုဟန်ဇော်ဝင်းမှ "ကိုယ်စားလှယ်လောင်း" ဟူသော အရှိန်အဝါကို အသုံးချ၍ ၎င်းနှင့်စကားများသူကို ကိုယ်ထိလက်ရောက် ပြင်းပြင်းထန်ထန်ထိုးကြိတ်ခဲ့သည်ဟုလည်း ၎င်းကပြောကြားသည်။

NLD ပါတီဝင်မှာ မတရားခံရသော်လည်း ရွေးကောက်ပွဲချိန်ဖြစ်၍ မည်သို့မျှမတုံ့ပြန်ခဲ့ဘဲ အောင့်အီးသည်းခံခဲ့သည်ဟု ထိုသူမှ ဖြည့်စွက်ပြောကြားသည်။ တိုင်းလွှတ်တော်အမတ် ကိုဟန်ဇော်ဝင်းမှာ ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးပိုက်ကို၏ တပည့်ရင်းဖြစ်ပြီး နှစ်ဦးလုံးမှာ သောက်စားရမ်းကားသူများအဖြစ် သတ်မှတ်ခံထားရကာ ၎င်းတို့နှစ်ဦးကိုယ်စားလှယ်ဖြစ်လာသည်မှာလည်း ပခုက္ကူမြို့နယ် NLD မှ ရွေးချယ်၍ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်မှ ဦးပိုက်ကိုအား မလွန်ဆန်နိုင်သော လူမှုရေးအကြောင်းတစ်ခုကို ၎င်းတို့မှ ဆုပ်ကိုင်၍ ကိုယ်စားလှယ်လောင်းများ ဖြစ်လာခဲ့ကြခြင်းဖြစ်သည်ဟု စွပ်စွဲမှုများရှိခဲ့သည်။

"အာဏာပါဝါမရခင်တောင် အာဏာလက်သီးဒီလောက်ပြနေတာ အာဏာသာ ရလာရင်တော့... ဟင်းဟင်း" ဟု ထိုသူမှ ပြောကြားခဲ့သည်။ ပခုက္ကူမြို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမာခံထောက်ခံသောမြို့ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်းများမှာ စာရိတ္တညံ့ဖျင်းသူ၊ ကားဒရိုင်ဘာ၊ ငွေကြေးအရှုပ်အရှင်းရှိသူများ ဖြစ်ကြသည်ဟု ထောက်ပြဝေဖန်မှုများရှိနေသည်။

"ကိုပိုက်ကို အမတ်ဖြစ်ခဲ့တာ ပခုက္ကူအကျိုး ဘာမှလုပ်မပေးနိုင်ဘူး… အရည်အချင်းကမဲ့တဲ့အပြင် သူ့အကြောင်းတွေက သိတဲ့အတိုင်း" ဟု NLD ပါတီဝင်တစ်ဦးက ပြောကြားသည်။ "ကိုယ်က NLD ဖြစ်လို့သာ NLD ကို မဲပေးရမယ်… ကိုပိုက်ကိုတော့ မဲမပေးချင်ဘူး" ဟု နောက်ထပ်NLD ပါတီဝင်တစ်ဦးက ပြောကြားသည်။

ပခုက္ကူမြို့နယ် NLD သည် ဦးပိုက်ကိုဥက္ကဌအဖြစ် တာဝန်ယူခဲ့စဉ်က ငွေကျပ် သိန်း ၁၀၀ ကျော် အရှုပ်အရှင်းရှိခဲ့ပြီး စာရင်းရှင်းလင်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက်ပိုင်း ဦးသန့်ရှင်း NLD မြို့နယ်ဥက္ကဌ ဖြစ်လာကာ ငွေကြေပြဿနာများကို ရှင်းလင်းပေးနိုင်ခဲ့သော်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးမဖွဲ့စည်းမီမှာပင် ဦးသန့်ရှင်း မြို့နယ်ဥက္ကဌ ရာထူးမှ နှုတ်ထွက်သွားပြီး "NLD ပါတီကို မဲမပေးပါ" ဟု ခြံဝ၌ ဆိုင်းဘုတ်ချိတ်ဆွဲထားခဲ့သည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲအောင်နိုင်ရေး၌လည်း ပါတီအောင်နိုင်ရေးရန်ပုံငွေများကို အလွဲသုံးစားမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ "ထိုးကြကြိတ်ကြထိ ဖြစ်ရတဲ့အကြောင်းရင်းက ငွေကြေးပေါ့ဗျာ… အောင်နိုင်ရေးရန်ပုံငွေက သိန်း ၃၀၀ ကျော် ရတယ်… အဲဒီငွေသုံးစွဲပုံနှင့်ပတ်သက်တာပေါ့… သူတို့ကတော့ အမတ်ဖြစ်မယ်ဆိုတော့ စာရင်းမရှင်းလဲ ရတယ် သဘောထားတာပေါ့… အဲဒီကစတာ" ဟု NLD ပါတီဝင်မှ ပြောကြားသည်။

ပခုက္ကူမြို့နယ် NLD မှ ဦးပိုက်ကိုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးဟန်ဇော်ဝင်းက တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

SMH

No comments: