Monday, October 26, 2015

ကြံ့ခိုင်ရေးပါတီ အမာခံရွာနှစ်ရွာရှိ ယာဉ်အစီး ၂၀၀ ကျော် တပ်မတော်က သိမ်းဆည်းဟုဆို

ကြံ့ခိုင်ရေးပါတီ အမာခံရွာနှစ်ရွာရှိ ယာဉ်အစီး ၂၀၀ ကျော် တပ်မတော်က သိမ်းဆည်းဟုဆို

ဗန်းမော်၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ဟန်ထက်ကျေးရွာနှင့် မံသာကျေးရွာအုပ်စုတို့ရှိ လုပ်ငန်းသုံးယာဉ်များအစီး ၂၀၀ ကျော်ကို တပ်မတော်က သိမ်းဆည်းခဲ့သည်ဟု အဆိုပါကျေးရွာဒေသခံများ၏ အဆိုအရသိရသည်။

တပ်မတော်ကသိမ်းယူသည်ဆိုသောယာဉ်များသည် စပါးတိုက်၊ ထင်းတိုက်၊ မီးသွေးတိုက်ယာဉ်များဖြစ်ပြီး တရုတ်နိုင်ငံထုတ် ခြောက်ဘီးမှ ၁၂ဘီးယာဉ်အမျိုးအစားများဖြစ်ကာ အများစုသည် လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း၊ အချို့အိမ်ထောင်ငယ်များဆိုလျှင် အိမ်ပေါင်ထားခြင်း၊ လယ်ပေါင်ထားခြင်းများကို အတိုးနှုန်း ၂၀ ရာခိုင်နှုန်းပေးပြီး ဝယ်ထားရာမှ ချေးယူငွေ မကျေသေးသည့်အပြင် အတိုးနှင့်အရင်းပေါင်း သိန်းနှစ်ရာ ကျော်ဖြစ်နေရသည့်အချိန်တွင် တပ်မတော်ကသိမ်းမည်ဟုဆိုသောအခါ ငိုကြွေးတောင်းပန်နေကြသူများရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့သို့ အသနားခံစာတင်မည့်အဖွဲ့များလည်း ရှိနေကြကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ဟန်ထက်ကျေးရွာအုပ်စုနှင့် မံသာကျေးရွာအုပ်စုတို့ရှိ လုပ်ငန်းသုံးယာဉ်များကို စာရင်းကောက်ယူခြင်း၊ သိမ်းဆည်းခြင်းတို့ ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၂၂ ရက်မှစ၍ မံသာကျေးရွာတွင် ယာဉ်စီးရေစာရင်းရယူပြီး ဟန်ထက်ကျေးရွာအုပ်စုတွင် အောက်တိုဘာ ၂၃ ရက်မှစ၍ ကျေးရွာဘောလုံးကွင်း၌ ရွှေ့ပြောင်းသယ်ယူခဲ့ရာ အောက်တိုဘာ ၂၄ ရက်ထိ စာရင်းအရ ယာဉ်စီးရေ ၉၀ ရှိပြီဖြစ်ကြောင်း ဟန်ထက်ကျေးရွာအုပ်စု ဒေသခံများထံမှ သိရသည်။

ဟန်ထက်ကျေးရွာတွင် စာရင်းအရ ယာဉ်စီးရေ ၁၀၂ စီးရှိပြီး မံသာကျေးရွာတွင်လည်း ကောက်ယူထားသော စာရင်းအရ ၁၀၄ စီးရှိကြောင်း သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

သို့ရာတွင် မံသာကျေးရွာတွင် ယာဉ်စီးရေစာရင်းသာ ကောက်ယူထားပြီးဖြစ်သော်လည်း ယာဉ်များကိုဆွဲယူခြင်းမရှိသေးဘဲ ဟန်ထက်ကျေးရွာတွင်စတင်၍ ပိုင်ရှင်များ၏အိမ်ခြံဝင်းထဲမှဆွဲယူကာ ရွာကျောင်းဘောလုံးကွင်းအတွင်း ဆွဲသွင်းထားခြင်းများ ပြုလုပ်လျက်ရှိသည်ဟု အုပ်ချုပ်ရေးမှူးများ၏ပြောကြားချက်အရ သိရသည်။

ဟန်ထက်ကျေးရွာအုပ်စုနှင့် မံသာကျေးရွာအုပ်စုတို့သည် ယခင်ကပြည်ခိုင်ဖြိုးကျေးရွာဟု ဆိုင်းဘုတ်ထောင်နိုင်ခဲ့သော ရွာများဖြစ်သော်လည်း ၎င်းတို့ယုံကြည်လေးစားသောတပ်မတော်က ယင်းရွာနှစ်ရွာတည်းကိုသာကွက်ပြီး ယာဉ်များသိမ်းဆည်းခြင်းနှင့်ပတ်သက်ပြီး တပ်မတော်၏ဂုဏ်သိက္ခာကို စောင့်စည်းစေလိုကြောင်း အသနားခံစာကို ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် နိုင်ငံတော်သမ္မတထံ အောက်တိုဘာ ၂၄ ရက်က ပေးပို့ထားကြောင်း မံသာကျေးရွာ ရပ်မိရပ်ဖဖြစ်သူ ဦးလှသိန်းထံမှ သိရသည်။

"ရွာသားတွေက မကျေနပ်ကြဘူးဖြစ်နေတယ်။ တပ်ကပဲသိမ်းသိမ်း၊ အစိုးရကပဲသိမ်းသိမ်း တစ်ပြေးညီဖြစ်စေချင်တယ်။ အခုဟာက ကချင်ပြည်နယ်တစ်ခုလုံးလည်းမဟုတ်၊ မန်စီတစ်မြို့လုံးလည်းမဟုတ် ကျွန်တော်တို့နှစ်ရွာပဲကွက်ပြီး အသိမ်းခံနေရသလို ဖြစ်နေတယ်။ အခုဟာက ဘာကြောင့်သိမ်းရသလဲဆိုတာ အဖြေမသိရဘူးဖြစ်နေတယ်"ဟု မံသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးငွေမောင်က ပြောဆိုသည်။

"လွန်ခဲ့တဲ့လတွေမှာ သစ်မှောင်ခိုလုပ်ငန်းအလုပ်ဖြစ်ချိန်က ဒီအတိုင်းကြည့်နေပြီး ခုဖမ်းတယ်ဆိုတော့ရော ကားပေါ်မှာ ဘာသစ်ချောင်းမှမရှိဘဲ အိမ်ခြံဝင်းထဲမှာ ရပ်ထားတဲ့ကားတွေကို ဓာတ်ပုံရိုက် စာရင်းယူ၊ ရွာခြံစည်းမှာ ဝင်ပေါက်ထွက်ပေါက်မရှိအောင် လုံခြုံရေးအပြည့်နဲ့ ဝိုင်းထားပြီးလုပ်နေတာဟာ ဥပဒေမဲ့လုပ်ရပ်ကြီးလို ဖြစ်နေပါတယ်ဗျာ"ဟု မံသာကျေးရွာရပ်မိရပ်ဖဖြစ်သူ ဦးလှသိန်းက ဆိုသည်။

အဆိုပါရွာနှစ်ရွာတွင် အမှတ် ၁၂၁ နှင့် ၄၇ ခြေလျင်တပ်ရင်း၊ အမှတ် ၆၀၁ ခြေမြန်တပ်ရင်းများရှိပြီး တပ်၏ပြောရေးဆိုခွင့်ရှိသူများနှင့် တွေ့ဆုံမေးမြန်းရန်ကြိုးစားခဲ့ရာ တွေ့ဆုံမေးမြန်းခွင့်မရခဲ့သော်လည်း ဟန်ထက်ကျေးရွာစာသင်ကျောင်း အားကစားကွင်း၌ ဆွဲသွင်းထားသောယာဉ်များကို ဓာတ်ပုံရိုက်ခွင့်ပြုခဲ့သည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: