Sunday, October 25, 2015

နိုင်ငံရေးပါတီ အားလုံးနိုင်ငံခြား အစိုးရဩဇာခံမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နိုင်ငံရေးပါတီ အားလုံးနိုင်ငံခြား အစိုးရဩဇာခံမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား ရန်ကုန်၊ အောက်တိုဘာ ၂၄ လက်ရှိမြန်မာနိုင်ငံတွင် တရားဝင်တည်ထောင်ထားသော နိုင်ငံရေးပါတီအားလုံးသည် ဥပဒေအရ နိုင်ငံခြားအစိုးရများ၏ ဩဇာ ကင်းရှင်းသည့်ပါတီများဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။ အောက်တိုဘာ ၂၄ရက်က ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲပြုလုပ်ရန် ကော့မှူးမြို့ နယ်သို့ထွက် ခွာစဉ် ကံဘဲ့လမ်းဆုံ၌ ဒေသခံပြည်သူများကို ပြောကြားသည့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “နိုင်ငံခြားက ဩဇာလွှမ်းမိုးတဲ့ပါတီဆိုတာ ဘယ်ပါတီကိုပြောတာလဲဆိုတာ ကျွန်မတို့မသိပါဘူး။ တကယ်တော့ ဥပဒေအရဆိုရင် ဘယ်နိုင်ငံရေးပါတီကမှ နိုင်ငံခြားရဲ့ဩဇာခံမဖြစ်ရပါဘူး။ အဲ့တော့ ရှိတဲ့နိုင်ငံရေးပါတီများ တရားဝင် နိုင်ငံရေးပါတီအားလုံးဟာ နိုင်ငံခြားဩဇာ ကင်းရှင်းတယ်လို့ ကျွန်မတို့ဒီလိုပဲ ယူဆပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်သားများအနေနှင့် မဲဆန္ဒပေးရွေးချယ်ရာတွင် နိုင်ငံခြားသားများ၏ တစ်နည်းနည်းအားဖြင့် လွှမ်းမိုးမှုမရှိသူများကို စဉ်းစားရွေးချယ်ရန် အကြံပြုလိုကြောင်း ပြောဆိုထားသည်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရှိ သင်တန်းခန်းမ၌ အောက်တိုဘာ ၂၀ရက်က အရာရှိ၊ စစ်သည်များအား တွေဆုံမှုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကယင်းသို့ ထည့်သွင်း ပြောကြားထားသည်။ ထို့အပြင် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၀ တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့စည်း သို့မဟုတ် အခြားအဖွဲ့စည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း ၊အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက် ဖြစ်စေ ရယူသုံးစွဲပါက နိုင်ငံရေး ပါတီအဖြစ် ဆက် လက်ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြပါရှိသည်။

No comments: