Thursday, October 29, 2015

ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတဲ့ အသံတွေချည့် ကြားနေရတော့ ပြောင်းလဲပြီးခဲ့တာတွေရော ဘာတွေရှိမလဲလို့ ပြန်လှည့်ကြည့်မိတယ်….

ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတဲ့ အသံတွေချည့် ကြားနေရတော့ ပြောင်းလဲပြီးခဲ့တာတွေရော ဘာတွေရှိမလဲလို့ ပြန်လှည့်ကြည့်မိတယ်….

လ္ဘက်ရည်ဆိုင် ဆံပင်ညှပ်ဆိုင်မှာ ကြုံတုန်းလေး ကောက်ဖတ်ဖူးတဲ့ ဂျာနယ်လေး မဂ္ဂဇင်းလေး တစ်စောင်စ နှစ်စောင်စထဲက ဖတ်မိသမျှ စုထားတဲ့ ချာတူးလန် ဗဟုသုတလေးနဲ့ ပြောင်းလဲခဲ့သမျှ စာရင်းချကြည့်ပြီး အနာဂတ်အရေး လှမ်းတွေးကြည့်တော့ ဒီလိုသုံးသပ်မိတယ်…

(၁) ၂၀၁၁ ဦးသိန်းစိန် အစိုးရ တက်လာပြီး လပိုင်းလောက် အတွင်းမှာပဲ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင် အသီးသီးက လွတ်လာတာကို တွေ့ရတယ်။

(၂) အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အောင်မြင်စွာ စေ့စပ်ဆွေးနွေးနိုင်ခဲ့ပြီး ၂၀၁၂ ဧပြီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမတ်တွေ လွှတ်တော်ထဲမှာ ပါဝင်လာခဲ့တယ်… ဆယ်စုနှစ်ပေါင်း များစွာအတွင်း မြန်မာ့နိုင်ငံရေးသမိုင်းမှာ အတိုက်အခံ ပါတီတစ်ခုအနေနဲ့ နိုင်ငံ့တော်အဆင့် အဖွဲ့အစည်း တစ်ခုမှာ တရားဝင် ပါဝင်ခွင့်ရတာ ပထမဆုံးအကြိမ် ဖြစ်တာကို တွေ့ရတယ်။

(၃) နှစ်ပေါင်းများစွာ ပိတ်ပင်ခံထားရတဲ့ BBC သတင်းဌာနကို ပြည်ဝင်ခွင့် ပြုခဲ့သလို ပြည်တွင်း FM တွေ အနေနဲ့လဲ BBC သတင်းတွေကို တရားဝင် ပြန်လွှင့်ခွင့် ရခဲ့တယ်။ ဒီအကျိုးဆက်ရဲ့ ရလာဒ်အဖြစ် BBC သတင်းဌာနဟာ ပြည်တွင်းမှာ ပရိတ်သတ် ၆ သန်းခွဲကျော်အထိ ရရှိလာခဲ့တယ်လို့ သုတေသနစာတမ်းတွေက ဆိုတယ်။

(၄) ယခင်က အစိုးရသတင်းစာ ဂျာနယ်တွေသာ ရှိခဲ့တာကနေ ပုဂ္ဂလိက ကုမ္ပဏီ ၂၆ ခုထက် မနည်းကို အပတ်စဉ် သတင်းစာ ဂျာနယ်တွေ ထုတ်ဝေခွင့် ပြုခဲ့တာကို တွေ့ရတယ်။ အဲဒီသတင်းစာ ဂျာနယ်တွေ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာထက် သတင်းနဲ့ဂျာနယ် မီဒီယာလောကမှာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုနိုင်တယ်။

(၅) အီးယူ၊ ယူအက်စ်၊ သြစီနဲ့ ဂျပန်တွေက ဆန်ရှင်တွေကို လျှော့ပေါ့ရုပ်သိမ်းပေးခဲ့တယ်။ ဒီလိုရုပ်သိမ်းတာကို ဆန္ဒမစောကြဖို့ တားမြစ်သတိပေးသံတွေ ထွက်ပေါ်ခဲ့တာကိုလဲ ကြားရတယ်။ ဆန်ရှင်တွေ လျှော့ပေါ့ရုပ်သိမ်းခဲ့တဲ့ အကျိုးဆက်အဖြစ် ၂၀၀၉/၁၀ မှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အနေနဲ့ ဒေါ်လာ ၃၂၉ မီလီယမ်လောက်သာ ရှိခဲ့ရာကနေ ၂၀၁၃/၁၄ မှာ ဒေါ်လာ ၄.၁ ဘီလီယမ် ပမာဏအထိ တိုးတက်လာခဲ့တာ တွေ့ရတယ်။

(၆) ဘဏ်လုပ်ငန်း၊ ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှု နယ်ပယ်တွေမှာ ပုဂ္ဂလိက လုပ်ငန်းကြီးတွေ ပေါ်ထွက်လာခဲ့တာ တွေ့ရသလို ဆက်သွယ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေမှာ အစိုးရ အနေနဲ့ နိုင်ငံခြား ကုမ္ပဏီကြီးတွေနဲ့ အကျိုးတူ ဖက်စပ်လုပ်ငန်းတွေ ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်တာကို တွေ့ရတယ်။

နောက်ဆုံး နိဂုံးချုပ်ရရင် ၁၉၆၂ ဦးနေဝင်း အစိုးရ စတက်လာကတည်းက ပြင်ပလောကနဲ့ အဆက်အဆံ မရှိပဲ ခေါင်းမြီးခြုံ အိပ်နေခဲ့တဲ့ မြန်မာ၊

၁၉၉၇ ခုနှစ်မှာမှ အာဆီယံ အဖွဲ့ဝင် ဖြစ်လာခဲ့တဲ့ မြန်မာ၊

တရုတ်နဲ့ အိန္ဒိယ အင်အားကြီး နိုင်ငံကြီး နှစ်ခုကြားက အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာအရ အချက်အချာကျတဲ့ မြန်မာ၊

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ တစ်လျှောက်လုံး ဖြစ်နေခဲ့တဲ့ မြန်မာ၊

ဦးသိန်းစိန် အစိုးရ လက်ထက်မှာ နေရာတိုင်းမှာ အခြေခံကျကျ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်တိုးတက်ခဲ့တာကို လက်တွေ့မျက်မြင် ဖြစ်ခဲ့တယ်။

လက်ရှိနိုင်ငံရေး စနစ်ဟာ တပ်မတော် အပေါ်မှာ အားပြုနေရဆဲ၊

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဟာ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေဆဲ၊

နိုင်ငံရပ်ခြား ရင်းနှီးမြှပ်နှံသူ စီးပွားရေးသမားတွေအတွက် ခိုင်မာတဲ့ အာမခံချက်တွေ ဝေဝါးနေဆဲ

စတဲ့အားနည်းချက်တွေလဲ ကျန်ရှိနေသေးပေမယ့် ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အနာဂတ်သစ်အတွက် တံခါးတစ်ချပ်ကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ပြောနိုင်တယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်အတွက် အထက်က အားနည်းချက်တွေကို အမွေဆက်ခံရပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်ရဦးမှာ ဖြစ်သလို

နိုင်ငံရေးအရ အကဲဆတ်ပြီး အလွဲအချော် အတိမ်းအစောင်းမခံတဲ့ ရခိုင်၊ ကချင်နဲ့ ရှမ်းမြောက်က ဝဒေသ အရေးတွေကိုပါ ဆက်လက်ကိုင်တွယ် ဖြေရှင်းရမယ့် သမိုင်းပေးတာဝန်တွေလဲ ရှိနေသေးတယ်။

ဒီတော့ ၂၀၁၅ အလွန် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်မှာ တာဝန်ယူရမယ့် အစိုးရ အနေနဲ့ နေရာတိုင်းမှာ စိန်ခေါ်မှုတွေ အပြည့်ရှိနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ တို့လိုဖြစ်မသွား ရလေအောင် ခြေလှမ်းတိုင်းမှာ သတိထားရမှာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ် ခင်ဗျာ။

အချက်အလက်တိုင်းကို ဖတ်ဖူးသမျှ ချာတူးလန် ဗဟုသုတလေးမှ ထုတ်နုတ်ကိုးကား၍ မဖြစ်ညစ်ကျယ် ပုဇွန်ဦးနှောက်လေးဖြင့် သုံးသပ်ရေးသားထားခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။

Sun Thurain Moe

No comments: