Monday, October 26, 2015

ဘယ်သူတွေကို မဲပေးကြမလဲ

ဘယ်သူတွေကို မဲပေးကြမလဲ
********************
နိုင်ငံတော်ကြီး တိုးတက်အောင် ဘယ်လိုဘယ်ပုံ လုပ်ပေးပါမယ်ဆိုပြီး နိုင်ငံရေးသမားတွေက အပြိုင်အဆိုင် မဲဆွယ်နေကြပါတယ်။ အဆွယ်ကောင်းလွန်းကြလို့ မဲပေးရမယ့် ပြည်သူတချို့ဆိုရင် ဘယ်သူ့ကိုပေးရင် ကောင်းမလဲဆိုတာမျိုးနဲ့ နဝေတိန်တောင်ဖြစ်ကုန်ကြတာပေါ့။ ဒါပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာနေပြီး အဲဒီမဲဆန္ဒနယ်မြေကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူမျိုးကို မဲပေးရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလူဟာ ကိုယ့်ရပ်ကိုယ့်ရွာကို အမှန်တကယ် အကျိုးရှိအောင် လုပ်ပေးမယ့်သူမျိုးဖြစ်ဖို့တော့ လိုပါတယ်။ ဒီလိုမဲပေးရာမှာ ပါတီစွဲတွေ၊ ပုဂ္ဂိုလ်စွဲတွေ ထားနေလို့ မရပါဘူး။
တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေဖြစ်နေလည်း မဲပေးသင့်ရင် ပေးရမှာပါပဲ။ ဒါမှ အရည်အချင်းရှိတဲ့ ပါတီစုံ က ကိုယ်စားလှယ်လောင်းတွေပါဝင်တဲ့ လွှတ်တော်တစ်ရပ်ဖြစ်လာမှာပါ။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားတဲ့အတွက် အစိုးရအဖွဲ့ကို ပါတီတစ်ခုထဲကနေ သီးသန့်ဖွဲ့စည်းလို့မရပါဘူး။ ဒီတော့ ညွှန့်ပေါင်းအစိုးရဖြစ်လာရင် ပါတီ စုံကနေ အရည်အချင်းရှိတဲ့လူတွေ လူစုံတက်စုံပါလာတဲ့အတွက် အပြန်အလှန်ထိန်းကျောင်းပြီးသားလည်း ဖြစ်သွားတာပေါ့။ လွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ သမ္မတက အစိုးရဖွဲ့ခွင့်ရှိတဲ့သူမို့ နိုင်ငံတော်သမ္မတဟာ အဖွဲ့အစည်းအားလုံးနဲ့ အဆင်ပြေနိုင်တဲ့သူမျိုးဖြစ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ သမ္မတဟာ ပါတီတစ်ခုရဲ့ သြဇာခံအဖြစ်သာရှိနေမယ်ဆိုရင် အဲဒီပါတီရဲ့သဘောထားနဲ့ စိတ်ကြိုက်ခြယ်လှယ်မှုကို ခံရတော့မှာဖြစ် ပါတယ်။
တချို့ကလည်း အပြောင်းအလဲဖြစ်ရင်ပြီးရော အဲဒီအစိုးရမကောင်းလို့ခံရလည်း နောက်ထပ် ၅ နှစ်လောက် ပေါ့ဆိုပြီး ပြောနေကြသူတွေလည်း ရှိပါသေးတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပျောက်ဆုံးဖို့၊ အမျိုးဘာသာကွယ်ပျောက်ဖို့အတွက် အချိန်ကာလ ၅ နှစ် ဆိုတာ ပိုတောင်ပိုနေပါသေးတယ်။ အဲဒီအတော အတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေဝန်းရံနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီတော့ အင်အားကြီးနိုင်ငံတွေနဲ့ အယူဝါဒမတူတဲ့ အနောက်နိုင်ငံတွေအပေါ်မှာ မှီခိုလွန်း တဲ့သူတွေ အစိုးရဖြစ်လာရင် သေချာပေါက် တိုက်ပွဲများနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီတိုက်ပွဲတွေရဲ့ ဒဏ်ကို အများဆုံးခံရမယ့်သူတွေက အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ ပြည်နယ်တွေပဲဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေချိန်မှာ ပြည်သူတွေအနေနဲ့ အစိုးရအဖွဲ့ကို ခေါင်းခေါက်ရွေးချယ်လို့ရပါတယ်။ အပြောင်းအလဲဖြစ်ရင်ပြီးရောဆိုပြီး လုပ်လို့မရပါဘူး။ ကိုယ်ရွေးချယ်လိုက်တဲ့သူဟာ ကိုယ့်ရပ်ကိုယ့်ရွာကို အမှန်တကယ်အကျိုးပြုမယ့်သူတွေဖြစ်ရင် အဆင်ပြေပါပြီ။ ရေသန့်တစ်ခွက်ဟာ သန့်ရှင်းတဲ့ ရေစက်လေး တွေနဲ့ ပေါင်းစည်းထားတာပဲမဟုတ်လား။ ဒီတော့ အနယ်နယ်အရပ်ရပ်က အကောင်းဆုံးဖြစ်နိုင်မယ့်သူ တွေကို ရွေးချယ်ခဲ့မယ်ဆိုရင် အကောင်းဆုံးအစိုးရဖြစ်လာမှာပါ။ ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အရာကသာ အကောင်းဆုံး ဖြစ်ပါတယ်။ သူများအညွှန်းကောင်းတာနဲ့ မသန့်ရှင်းတဲ့ ရေတစ်စက်ကို ရွေးချယ်မိမယ်ဆိုရင် အဲဒီအထဲမှာ အမျိုးဘာသာကိုဖျက်မယ့်ပိုးတွေ၊ အချုပ်အခြာအာဏာကို တစ်စတစ်စ လှိုက်စားသွားမယ့် ပိုးတွေပါလာရင် နိုင်ငံလည်း ဘ၀နိဂုံးချုပ်သွားနိုင်တာကြောင့် အရွေးမမှားဖို့တော့ လိုပါတယ်။

ကောင်းသန့်

No comments: